စွန့်ဦးတီထွင်လုပ်ငန်းရှင်ဘဝဆိုတာ ခက်ခဲတဲ့ ဂိမ်းကစားနည်းတစ်ခုပါ။ လူအတော်များများအတွက် စွန့်ဦးတီထွင်မှုလုပ်ငန်းရှင်ဘဝဆိုတာ ထူးဆန်းပြီး အံ့ဖွယ်ရာတစ်ခုတောင် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် အခုပြောမယ့် အရည်အချင်းတွေ မဖြစ်မနေ ရှိထားဖို့လည်း လိုပါတယ်။
(၁) စိတ်ဆန္ဒထက်သန်ရမယ်
Photo: Freepik
စွန့်ဦးတီထွင်သူတွေဟာ သာမန်လုပ်ငန်းရှင်တွေနဲ့မတူပါဘူး။ ထိုးဖောက်စွန့်စားမှုတွေ လုပ်ရပါတယ်။ မသေချာတဲ့ Risk တွေကို ဖြတ်သန်းရပါတယ်။ စိတ်အားထက်သန်ပြင်းပြမှု ရှိဖို့ လိုပါတယ်။ ဘယ်အချိန်မှာ အောင်မြင်မယ် မသိရတဲ့ အလုပ်တစ်ခုကို လုပ်ဖို့အတွက် Passion မှ မရှိရင် ဘယ်လိုမှ ဖြစ်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။
(၂) ကိုယ့်အားကိုယ် ကိုးရမယ်
Photo: Pexels
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ဆိုတာ လူတိုင်း လိုအပ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ Entrepreneur တစ်ယောက်မှာဆို ပိုပြီး လိုအပ်တဲ့ အရည်အချင်းပါ။ ကိုယ်သွားနေတဲ့ လမ်းပေါ်က ပြဿနာတွေကို ကိုယ်တိုင်ပဲ ခေါင်းခံဖြေရှင်းဖို့ ကိုယ့်အားကိုယ် ကိုးတဲ့အရည်အချင်း လိုပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းအောင် နေဖို့အတွက် Entrepreneur လမ်းကို ရွေးတဲ့သူဟာ ပိုပြီး ကိုယ့်ဒူးကိုယ် ယုံနေရမှာပါ။
(၃) ရင့်ကျက်ပြီး အသိအမြင်ကြွယ်ရမယ်
Photo: Freepik
ကိုယ်ပိုင်အလုပ်ကို ဖောက်ထွက်လုပ်ဆောင်မယ့်သူမှာ ကိုယ့်ရဲ့ Personal Growth ကို အမြဲမြှင့်တင်နေသင့်ပါတယ်။ နေ့တိုင်း ကြုံနေနိုင်တဲ့ အခက်အခဲအကြပ်အတည်းတွေဟာ သင့်ကို ပိုပြီး ကိုယ့်အကြောင်းကိုယ် သိမြင်စေအောင် ကူညီပေးသလို ပိုပြီးလည်း ရင့်ကျက်ကြံ့ခိုင်လာစေနိုင်ပါတယ်။
(၄) ကိုယ့်ကိုယ်ကို ပိုထိန်းချုပ်နိုင်ရမယ်
Photo: Freepik
အောင်မြင်မှုဆီ သွားတဲ့ လမ်းကြောင်းမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းကြီး စောင့်ရှောက်ထိန်းကျောင်းနိုင်ဖို့ လိုပါတယ်။ စွန့်ဦးတီထွင်မှုလမ်းမကြီးကနေ သွေဖည်မသွားရအောင် ကိုယ့်ကိုယ်ကို သတိနဲ့ ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကိုယ့်စိတ်ကို ထိန်းချုပ်မှု လျော့လျဲမယ်ဆိုရင် ရှေ့ခရီးမှာ အောင်မြင်မှုနဲ့ ဝေးသွားနိုင်ပါတယ်။
(၅) အောင်မြင်မှုကို မျှော်မြင်ခံစားတတ်ခြင်း
Photo: Freepik
အောင်မြင်ရေးသဘောတရားတစ်ခုက ညအိပ်ရာဝင်ခါနီးတိုင်း သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအပေါ် ကျေနပ်တဲ့ စိတ်နဲ့ မြင်နိုင်အောင် လုပ်ပြခဲ့ဖို့ပါပဲ။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် ကြိုးစားသွားပြီး အဲ့ဒီရဲ့ ရလဒ်ကိုလည်း ခံစားတတ်ခြင်းဟာ တကယ်ကို အရေးပါတဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ သင့်ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့ တစ်နေ့တာလုပ်ရပ်လေးတွေဟာ တစ်ချိန်မှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ အရေးပါတဲ့ အရည်အသွေးတွေပါပဲ။