ရုပ်ရှင်ကားကောင်းတစ်ကောင်းဟာ ကြည့်ရှုသူ ပရိသတ်တွေကို ဇာတ်ကားပြီးဆုံးသွားတဲ့အချိန်မှာ တွေးစရာတစ်ခုခုတော့ ချန်ထားခဲ့လေ့ရှိပါတယ်။ ကမ္ဘာကျော်တဲ့ ရုပ်ရှင်ဇာတ်ကားတွေအများစုဟာ ပရိသတ်တွေအားလုံးကို အဖိုးတန်လှတဲ့ ဘဝသင်ခန်းစာတွေကို လှစ်ဟပြသနိုင်ခဲ့ပြီး အခုဖော်ပြပေးမယ့် ဇာတ်ကား ၅ ကားဟာလည်း ကြည့်ရှုသူတွေအတွက် သင်ခန်းစာတွေ ပေးထားတဲ့ ဇာတ်ကားတွေဖြစ်တာကြောင့် မလွတ်တမ်း ကြည့်ရှုသင့်တဲ့ကားတွေဆိုလည်း မမှားပါဘူး။

၅။ Lucy

Lucy

Photo: Wealthy Gorilla

လူစီဆိုတဲ့ ဇာတ်ကားဟာ ၂၀၁၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်ထွေလာ ထွက်ပေါ်လာကတည်းက စိတ်ဝင်စားစရာ ရုပ်ရှင်ကားတွေထဲက တစ်ကားဆိုတာ သိသာစေခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားထဲမှာ မော်ဂန် ဖရီးမန်း ပါဝင်နေတယ်ဆိုကတည်းက ဘဝသင်ခန်းစာတစ်ခုခု ပါဝင်နေမယ်ဆိုတာ ကြိုတင်မှန်းဆလို့ရနိုင်ပြီး ရုပ်ရှင်ထဲမှာ လူစီဟာ သူမရဲ့ အစာအိမ်ထဲကို အဓမ္မထည့်သွင်းထားတဲ့ မူးယစ်ဆေးတစ်ခုကို နိုင်ငံအနှံ့ သယ်ယူပို့ဆောင်ပေးရပါတယ်။

မတော်တဆမှုကြောင့် အဲဒီ မူးယစ်ဆေးအမှုန့်တွေဟာ သူမရဲ့ ခန္ဓာကိုယ်ထဲက သွေးဆဲလ်တွေနဲ့ ပေါင်းစပ်မိသွားပြီး အကျိုးသက်ရောက်မှုက အံ့မခန်းဖြစ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ လူစီဟာ တဖြည်းဖြည်းနဲ့ သူမ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်း ၁၀၀ ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့် ရရှိသွားခဲ့ပြီး ကမ္ဘာပေါ်က လူသားတွေအားလုံးဟာ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်း ၁၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ခွင့် ရရှိထားတာဖြစ်ပါတယ်။ လူစီဟာ သူမရဲ့ ဦးနှောက်က ရရှိလာတဲ့ အသိဉာဏ်နဲ့ စွမ်းအားအသစ်တွေနဲ့အတူ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့ပါတယ်။

မော်ဂန် ဖရီးမန်းရဲ့ အခန်းရောက်လာချိန်မှာတော့ ဒီရုပ်ရှင်ကားထဲက လေ့လာသင်ကြားခဲ့ရတဲ့ တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေထဲက တစ်ခုကတော့ သတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေကို အခြားလူတွေဆီ ဖြတ်သန်းစီးဆင်းစေရမယ်ဆိုတာပါပဲ။ အထူးသဖြင့် လာမယ့် မျိုးဆက်တွေဆီကိုပါ။ အဲဒီလိုသာ မမျှဝေခဲ့ဘူးဆိုရင် အဲဒီ မှတ်ဉာဏ်တွေနဲ့ ဗဟုသုတတွေအားလုံးဟာ ကျွန်တော်တို့နဲ့အတူ သေဆုံးသွားမှာဖြစ်ပြီး မျိုးဆက်သစ်တွေကို မျှဝေခဲ့မယ်ဆိုရင်တော့ ကမ္ဘာကြီးအကြောင်း ပိုမိုသိရှိလာမှာဖြစ်တာကြောင့် လူသားမျိုးနွယ်စု တိုးတက်ဖွံ့ဖြိုးဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။

၄။ Limitless

Limitless

Photo: Wealthy Gorilla

လူစီဇာတ်ကားလိုမျိုးပဲ ဒီကားဟာ ဆင်တူတဲ့ ဇာတ်ကွက်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရုန်းကန်နေရတဲ့ စာရေးဆရာဟာ အပြည့်အဝအာရုံစူးစိုက်နိုင်ပြီး မယုံနိုင်ဖွယ်မြန်နှုန်းနဲ့ အလုပ်တွေကို ပြီးစီးအောင် ဦးနှောက်ရဲ့ အပြည့်အဝလုပ်နိုင်စွမ်းကို ရရှိစေတဲ့ ဆေးဝါးတစ်ခုကို လိုက်လံရှာဖွေတာဖြစ်ပါတယ်။ မတူညီတာက အက်ဒီလို့ အမည်ရတဲ့ စာရေးဆရာက အဲဒီဆေးကို စွဲလမ်းနေတာဖြစ်ပါတယ်။

အက်ဒီဟာ အဲဒီဆေးကို ပုံမှန်သုံးစွဲပြီး စတော့ရှယ်ယာဈေးကွက်မှာ မီလီယံချီတဲ့ ငွေကြေးရရှိအောင် လုပ်ဆောင်ပြီး တန်ဖိုးကြီး အဝတ်အစားတွေနဲ့ အိမ်အများအပြားကို ဝယ်ယူခဲ့ပါတယ်။ ဆေးက သူ့ကို မထိန်းချုပ်ခင်အထိတော့ အရာအားလုံးက အက်ဒီအတွက် ကောင်းနေတယ်ထင်ရပေမယ့် စပြီး နာမကျန်းဖြစ်လာတဲ့အချိန်မှာတော့ ကျန်တဲ့လူတွေအားလုံးပါ ဆေးကြောင့် ခံစားနေရတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ်။

ဒီဇာတ်ကားထဲက လေ့လာသင်ယူရတဲ့ ဘဝသင်ခန်းစာကတော့ ဖြတ်လမ်းတိုင်းမှာ ကျရှုံးခန်းရှိတယ်ဆိုတာပါပဲ။ အက်ဒီဟာ သူလိုချင်တဲ့အရာအားလုံးကို ပြင်းပြင်းထန်ထန်အလုပ်လုပ်၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်သည်းခံမှုတွေနဲ့ ရယူနိုင်ရဲ့သားနဲ့ ဖြတ်လမ်းနည်းကို လိုက်ခဲ့မိတာကြောင့် ကျရှုံးခဲ့တာဖြစ်ပါတယ်။

၃။ Pursuit of Happyness

Pursuit of Happyness

Photo: Wealthy Gorilla

ဒီဇာတ်ကားကတော့ မကြည့်ဖူးတဲ့သူ မရှိသလောက်လို့ ဆိုရမယ့် ဇာတ်ကားကောင်းဖြစ်ပြီး ခရစ်စ် ဂါဒ်နာလို့အမည်ရတဲ့ ရုန်းကန်နေရတဲ့ သားတစ်ယောက်ဖခင်ဟာ သူ့ရဲ့ တစ်သက်လုံးစုဆောင်းလာတဲ့ငွေကြေးတွေကို လက်ရှိမှာ ခေတ်မမီတော့တဲ့ နည်းပညာဖြစ်လာတဲ့ စကင်န်စက်မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အိမ်ငှားရမ်းခ၊ ဘီလ်တွေ မပေးချေနိုင်တာကြောင့် ဇနီးဖြစ်သူက စွန့်ခွာသွားခဲ့ပြီး ခရစ္စဟာ လစာမဲ့ အလုပ်သင် စတော့အရောင်းသမားဘဝကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။

အိမ်ခြေမဲ့သူတွေအတွက် အခမဲ့ တစ်ညတာ အိပ်စက်နားခိုနိုင်တဲ့ နေရာတွေမှာ လိုက်လံနားခိုရင်း စုတ်ပြတ်သပ်နေတဲ့ ဘဝအခြေအနေကို အပြစ်ကင်းစင်တဲ့ သားငယ်လေးမသိအောင် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အလုပ်သင်ကာလအပြီးမှာတော့ လက်ထဲကျန်နေတဲ့ ငွေကြေးအားလုံး ပြတ်လပ်သွားချိန်မှာတော့ ကြိုးစားမှုရဲ့ရလဒ်အနေနဲ့ ခရစ္စဟာ အလုပ်ခန့်ခြင်းခံခဲ့ရပါတယ်။ နောက်ထပ် နှစ်ပေါင်းများစွာအကြာမှာ ခရစ္စဟာ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ သဘောတူညီမှုတွေ ရရှိတဲ့အထိ ရောင်းချနိုင်တဲ့ အောင်မြင်တဲ့ အရောင်းသမားဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်ကားကနေ လေ့လာသင်ယူစရာ ဘဝသင်ခန်းစာတွေအများအပြားရှိပေမယ့် တန်ဖိုးအရှိဆုံး ဘဝသင်ခန်းစာတစ်ခုကတော့ ကနဦးအခြေအနေက သင့်ရဲ့နောက်ဆုံးရလဒ်ကို အဆုံးအဖြတ်မပေးနိုင်ဘူးဆိုတာပါပဲ။ သင်သာ အောင်မြင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သင့်မှာရှိသမျှအရာအားလုံး ပေးဆပ်ပါ။ သင့်အိပ်မက်တွေ တကယ်ဖြစ်လာပါလိမ့်မယ်။

၂။ The Giver

The Giver

Photo: Wealthy Gorilla

ဒီဇာတ်ကားဟာ အရောင်းရဆုံးဝတ္ထုစာအုပ်ပေါ်မှာ အခြေခံထားတာဖြစ်ပြီး မနှစ်ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ သင်က ရုပ်ရှင်ကြည့်ရတာ အလွန်နှစ်သက်တဲ့သူတစ်ယောက်ဆိုရင် မဖြစ်မနေ ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာကြီးရဲ့ ခံစားမှုနဲ့ မှတ်ဉာဏ်တွေကို လူသားမျိုးနွယ်အတွက် ပိတ်ပင်တားဆီးဖို့ ကြိုးပမ်းနေတဲ့ အသက်အရွယ်ကြီးရင့်သူတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုအကြောင်းပါ။

အရာအားလုံးဟာ သူတို့အတွက် အဖြူနဲ့ အမည်းဖြစ်နေပြီး လူသားတွေဟာ ချစ်ခြင်းမေတ္တာ၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကို မခံစားနိုင်ပါဘူး။ သူတို့အားလုံးမှာ မှတ်ဉာဏ်တွေ မရှိဘဲ လက်ရှိအချိန် ဖြစ်နေသမျှကိုပဲ သိကြပါတယ်။ ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်က အသက်အရွယ် ပိုမိုကြီးရင့်တဲ့ လက်ခံသူဆီကနေ မှတ်ဉာဏ်တွေကို လက်ဆောင်ရရှိခဲ့ပြီး ဒီအဖွဲ့အစည်းခေါင်းဆောင်တွေ လုပ်ဆောင်နေသမျှ အားလုံးဟာ လွဲမှားနေတယ်ဆိုတာ စတင်ပြီး သိရှိလာခဲ့ပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေဟာ စစ်ပွဲ၊ လူသတ်မှု၊ နာကျင်မှုနဲ့ အရာအားလုံးကို အမှောင်ချထားဖို့ ကြိုးပမ်းခဲ့ပြီး လူတွေအနေနဲ့ ဘဝမှာ နာကျင်စရာမရှိဘူးဆိုတာကိုပဲ ရိုက်သွင်းထားတာပါ။ အဲ

ဒီကောင်လေးဟာ ဒီအခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပြီး အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေဆီကို ကမ္ဘာကြီးရဲ့မှတ်ဉာဏ်တွေအားလုံး ပြန်လည်ယူဆောင်ပေးဖို့အတွက် စည်းကမ်းတွေကို ချိုးဖောက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ ဘဝသင်ခန်းစာက ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေ၊ လူသတ်မှုတွေနဲ့ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အခြားနာကျင်စရာတွေရှိနေပါတယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုတွေအားလုံး မရှိတဲ့ ကမ္ဘာကြီးကို လိုချင်ရုံနဲ့ လူသားတစ်ယောက်အဖြစ် ကျွန်တော်တို့ကို ဂုဏ်ယူနိုင်စေတဲ့ အခြား စိတ်ခံစားမှုတွေနဲ့ အတွေ့အကြုံတွေကို လွှင့်ပစ်လိုက်ဖို့ မထိုက်တန်ပါဘူး။ ကျွန်တော်တို့အားလုံး ချစ်ဖို့၊ ရယ်မောဖို့၊ ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆိုးအကောင်းအားလုံးကို လက်ခံဖို့အတွက် သင်ယူရမှာပါ။

၁။ Walter Mitty

Walter Mitty

Photo: Wealthy Gorilla

ဒီဇာတ်ကားထဲက ဝေါလ်တာ မစ်တီဆိုတဲ့လူဟာ ဘဝတစ်လျှောက်လုံး ဘဝတိုးတက်ရာတိုးတက်ကြောင်းမရှိတဲ့ သာမန်အလုပ်တွေကိုသာ လုပ်ခဲ့တဲ့ ခပ်အေးအေးသမားတစ်ယောက်ပါ။ သူက မကြာခဏ သတိလစ်သလိုဖြစ်ပြီး သူ့အနားမှာ အံ့အားသင့်စရာအရာတွေ ဖြစ်ပျက်နေတဲ့အကြောင်းကို အိပ်မက်လို စမြင်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေက အိပ်မက်ပဲ ဖြစ်နေခဲ့တာပါ။ မစ်တီက အလုပ်က သူ ကြိုက်နေတဲ့ ကောင်မလေးနဲ့ စကားပြောရဖို့ မျှော်လင့်ချက်နဲ့ ဒိတ်လုပ်တဲ့ ဝက်ဘ်ဆိုက်မှာ အကောင့်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိုင်ဖိုင်အောက်က ဝါသနာ သို့မဟုတ် အတွေ့အကြုံဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်စရာ ဘာမှမရှိ ဖြစ်နေခဲ့ပါတယ်။

အလုပ်မှာ အရေးကြီးတဲ့ ဓာတ်ပုံ ပျောက်ဆုံးသွားခဲ့ပြီးနောက် အလုပ်ကနေ ပြုတ်စော်နံနေတဲ့အချိန်မှာ မစ်တီက ဓာတ်ပုံဆရာကို ရှာဖွေဖို့ ခရီးနှင်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံဆရာကို တွေ့ရမယ့်အစား သူ အိပ်မက်လို မြင်တွေ့ခဲ့ရတဲ့ အခိုက်အတံ့တွေအားလုံးဟာ အမှန်တကယ် ဖြစ်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အစွမ်းတွေအားလုံးကို ထုတ်သုံးရစေမယ့် ဘဝတစ်ခုလုံး ပြောင်းလဲသွားနိုင်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ အိုက်စ်လန်၊ ဂရင်းလန်းနဲ့ ဟိမဝန္တာ(အသက်အန္တရာယ်နဲ့နီးတဲ့အတွေ့အကြုံတွေအပါအဝင်)တို့ကို ခရီးထွက်ခဲ့ပြီးနောက် သူ့ရဲ့ ပရိုဖိုင်ဟာ သူ့ဘာသာ ရေးပြီးသားဖြစ်သွားပြီး အိပ်မက်မက်သလို ကျိန်စာကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒီဇာတ်ကားထဲက တန်ဖိုးအရှိဆုံး ဘဝသင်ခန်းစာက သင့်ရဲ့ အမြင်တွေဟာ သင်သာ အဲဒီနောက်ကို လိုက်ဖို့ သတ္တိရှိမယ်ဆိုရင် အမှန်တကယ် ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာကို အိပ်မက် မက်နေရုံက မကောင်းပါဘူး။ ကျွန်တော်တို့ ပထမဆုံး ခြေလှမ်းကို လှမ်းဖို့ လိုပြီး ကိုယ်လိုချင်တဲ့နောက်ကို အမှန်တကယ် လိုက်ဖို့ လိုအပ်ပါတယ်။

Featured Photo: Wealthy Gorilla