မြန်မာလို့ ပြောလိုက်ရင် ‌များပြားလှတဲ့ ဘုရားပုထိုးတွေ ၊ ကြွယ်ဝလှတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ မဖော်ထုတ်ရသေးတဲ့ သဘာဝလည်ပတ်စရာတွေကို အရင်ဆုံး ပြေးမြင်မိကြမှာပါ။ မြန်မာ့လူနေမှုဘဝထဲ ဝင်ကြည့်မယ်ဆိုရင် လူတွေရဲ့ဆက်သွယ်ပြုမူ, မှုအပြင် သူတို့ရဲ့ နိစ္စဒူဝစားသောက်နေထိုင်မှုရဲ့ ထူးခြားချက်ကိုပါ တွေ့ရမှာပါ။

ဒီတစ်ခေါက်မှာ ကမ္ဘာမှာ မတွေ့နိုင်တဲ့ မြန်မာ့လက်ရာ နာမည်ကျော်အစားအသောက်တွေအကြောင်း ပြောပြချင်ပါတယ်။

(၁) မုန့်ဟင်းခါး

Mohinga-Soup

Photo: luckytreasuretravels

မုန့်ဟင်းခါးလို့ ဆိုလိုက်ရင် မြန်မာက လို့ ချက်ချင်းသိအောင် ကျော်ကြားတဲ့ အစားအသောက်ပါပဲ။ မြန်မာနိုင်ငံထဲမှာကို မုန့်ဟင်းခါးကို ဒေသပေါ်လိုက်ပြီး အရသာအမျိုးမျိုးနဲ့ ချက်ပြုတတ်ကြပါတယ်။ သားငါး ပေါတဲ့ အောက်ပြည်ဘက်မှာဆို မုန့်ဖတ်နန်းမျှင်သေးသေးကို ငါးခူငါးကြင်းကောင်းကောင်း ၊ ကြက်ဥ/ဘဲဥ ၊ စပါးလင် ၊ နနွင်း ၊ ကြက်သွန်နီ/ဖြူ ၊ ဂျင်း ငှက်ပျောအူ ၊ ကုလားပဲတွေနဲ့ သေချာချက်ပြုတ်ပြီး အကြော်မျိုးစုံနဲ့ တွဲစားကြပါတယ်။

အထက်ဘက်မှာတော့ ငါးအစား ငါးငံပြာရည်ကို အသားပေးပြီး ကြက်သား ၊ ငါးနည်းနည်းနဲ့ ပြုတ်ရည်လုပ်ပြီး ချက်တာ များပါတယ်။ မနက်စာအဖြစ် စား‌လေ့ရှိပြီး မုန့်ဟင်းခါးသီးသန့်ဆိုင်အပြင် လက်ဖက်ရည်ဆိုင်လို နေရာမျိုးတွေမှာပါ လွယ်လင့်တကူ ရောင်းချကြပါတယ်။

(၂) ရှမ်းခေါက်ဆွဲ

Shan Noodles

Photo: Anywhere Travel

ရှမ်းခေါက်ဆွဲဆိုပေမယ့် တစ်နိုင်ငံလုံး မြေပြန့်ချိုင့်ဝှမ်းမကျန် လူတိုင်း နှစ်နှစ်သက်သက်ကြီး စားနေကြတာကလည်း ဒီအစားအသောက်ရဲ့ ဂုဏ်သတင်းတစ်ခုပါပဲ။ ရှမ်းခေါက်ဆွဲအရသာကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ကွဲပြားနိုင်ပြီး တကယ့်အရသာထူးကတော့ ရှမ်းပြည်ရောက်မှ စားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကြက်သားပြုတ်ရည် ထဲမှာ တုံးတစ်ထားတဲ့ ကြက်သားတုံးလေးတွေနဲ့ ကြက်သွန်နီ/ဖြူ ၊ ခရမ်းချဉ်သီး ၊ နနွမ်း ၊ ဆီဆား သမအောင် ထည့်ချက်ပြီး ကြက်သားထည့်လုံးရမှာပါ။ ပြီးမှ ရှမ်းခေါက်ဆွဲဖတ်လေးတွေ နဲ့ ကြက်သားချက် ၊ ပဲငံပြာရည် ၊ မြေပဲလှော် ၊ ဆီချက် ၊ နံနံပင် ၊ ကြက်သွန်မိတ်နဲ့ ကြက်ပြုတ်ရည်တို့ ထည့်ပြီး မုန့်ညင်းချဉ်လေးနဲ့ တွဲသုံးဆောင်ရမှာ ဖြစ်ပါတယ်။

(၃) ကြေးအိုး

Kyay Oh

Photo: travelfoodatlas

ကြေးအိုးရဲ့ မူလအစက တရုတ်ဖြစ်ပြီး မြန်မာမှာလည်း ဒီအစားအသောက်က လူကြိုက်များလှပါတယ်။ ကြေးအိုးမှာ ဝက်/ကြက် ကြိုက်နှစ်သက်ရာနဲ့ ကြာဇံခေါက်ဆွဲ ၊ ကြက်ဥပြုတ် ၊ ငုံးဥပြုတ် ၊ မြေပဲဆံ ၊ ကြက်သွန်ဖြူ ၊ အသားလုံးတို့ ပါဝင်ပါတယ်။ သားသတ်လွတ်စားသူတွေအတွက် အသားလုံးအစား တို့ဖူးနဲ့ မှာပေးကြပါတယ်။ အရည်သောက်လိုက် အဖတ်စားလိုက်နဲ့ အရသာရှိလှတဲ့ ဟင်းလျာတစ်မျိုးလည်း ဖြစ်ပါတယ်။

(၄) မုန့်လင်မယား

Mont Lin Maya

Photo: travelfoodatlas

ပွဲဈေးတန်းတစ်ပတ် ပတ်ဖြစ်မယ်ဆိုရင် ဖြစ်ဖြစ် ရပ်ကွက်ဈေးရဲ့ လူစည်တဲ့ မနက်/ညခင်း အချိန်တွေမှာပဲ ဖြစ်ဖြစ် လျှောက်ကြည့်လိုက်ပါ။ အချင်း ၂ ပေလောက်ရှိပြီး တစ်လက်မသာသာ အဝိုင်းဝိုင်း ဒယ်ပိုင်းထဲမှာ မုန့်ဝိုင်းသေးသေးလေးတွေကို စားချင့်စဖွယ် စီမံနေတာ တွေ့ရမှာပါ။ ဆန်ဂျုံ ၊ သကြား ၊ ဆား ၊ ရေ ၊ ကြက်သွန်နီ ၊ ငုံးဥ စတဲ့ အဆာပလာတွေနဲ့ ပြင်ဆင်ထားပြီး ဒယ်ပိုင်းထဲက ခွက်ဝိုင်းလေးတွေထဲမှာ မုန့်လေး နှစ်ခုတစ်စုံတွဲကိုပဲ မုန့်လင်မယား ၊ (မုန့်မောင်နှမ ၊ မုန့်အုပ်ကလေး ) စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုကြပါတယ်။ ဝယ်ရလွယ်သလို စားလို့လည်း ကောင်းမှကောင်းဆိုတဲ့ မြန်မာမုန့်ပါပဲ။

(၅) ဆနွင်းမကင်း

Sanwin Makin

Photo: travelfoodatlas

ဆနွင်းမကင်းကို မြန်မာ့ရိုးရာကိတ်မုန့်လို့ ခေါ်နိုင်ပါတယ်။ ဆနွင်းမကင်းဆိုတာ ထိုင်းစကားက လာပြီး ဒယ်အိုးဖုတ်မုန့်လို့ ဆိုကြောင်း ကြားခဲ့ရဖူးပါတယ်။ ဆနွင်းမကင်းကလည်း အများသား ။ ရွှေကြည်ဆနွင်းမကင်း ၊ ငှက်ပျောဆနွင်းမကင်း ၊ အာလူးဆနွင်းမကင်း ၊ ကောက်ညင်းဆနွင်းမကင်းဆိုပြီး ရှိပါတယ်။ အလှူမင်္ဂလာဆောင်နဲ့ ဧည့်ခံရာမှာ အချိုပွဲအဖြစ် ထည့်ပြီး မျက်နှာပန်းလှလှ ဧည့်ခံကြရတဲ့ စားသောက်ဖွယ်ရာစာရင်းမှာ ဆနွင်းမကင်းမုန့်က သိပ်အရေးပါလှပါတယ်။

အခုပြောခဲ့တဲ့ မြန်မာ့အစားအစာတွေထဲမှာ မဖော်ပြဖြစ်ခဲ့ပေမယ့် ထင်ပေါ်ကျော်ကြားကြတဲ့ မြန်မာ့စားသောက်ဖွယ်ရာများစာရင်းမှာ ဘိန်းမုန့် ၊ ရေစကြိုထန်းသီးမုန့် ၊ ရွှေတောင်ခေါက်ဆွဲ ၊ ဗမာဒံပေါက်တို့လည်း ထည့်ပြောရမှာ ဖြစ်ပါတယ်။

Featured Photo: luckytreasuretravels