တက်ဘလက်လိုရော Laptop လိုပါ နှစ်မျိုးသုံးနိုင်မယ့် Hybrids ထုတ်ကုန်တွေဟာ ပညာရေးလောကမှာ တွင်ကျယ်ပြီး အသုံးများတဲ့ ထုတ် ကုန်တွေ ဖြစ်ပါတယ်။ တက်ဘလက် တစ်လုံးအနေနဲ့ အနုပညာတစ်ခုခု ဖန်တီးတာ ၊ ရုပ်ရှင်ကြည့်ရှုတာ ၊ ဂိမ်းကစားတာနဲ့ စာအုပ်ဖတ်တာတွေ လုပ်နိုင်သလို ကီးဘုတ်လေး တွဲပြီး အလုပ်ကိစ္စတွေ လုပ်တာ ၊ ကျောင်းစာတွေ လုပ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

Hybrid ကွန်ပျူတာတွေ ပေါ်တာ နှစ်အတော်ကြာပြီ ဖြစ်သလို ဈေးကွက်ထဲမှာလည်း ထုတ်ကုန်တွေ အမယ်စုံ ရွေးစရာ ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီလို ရွေးစရာ 2-in-1 Laptop တွေထဲကမှ ၂၀၂၁ ထွက် အကောင်းဆုံးထုတ်ကုန်တချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) Acer Chromebook Spin 713

Acer Chromebook Spin 713
Photo: Mashable

လက်ပ်တော့အများစုက Mac မဟုတ်ရင် Windows နဲ့ လာပါတယ်။ Acer ရဲ့ အမိုက်စား Chromebook Spin 713 မော်ဒယ်ကတော့ Chromebook ဆိုတဲ့အတိုင်း Google ရဲ့ ChromeOS System သုံးထားပါတယ်။ ChromeOS ဖြစလို့ ၆၉၉ ဒေါ်လာတန် ဒီလက်ပ်တော့ဟာ Google Apps တွေ ဖြစ်တဲ့ Chrome , YouTube , Gmail , Drive စတာတွေကို အကောင်းဆုံးသုံးနိုင်မှာ ဖြစ်ပါတယ်။

Google Apps Ecosystem နဲ့ ရင်းနှီးပြီးသားသူတွေအတွက် Chromebook တွေက သုံးရအတော်လေး အဆင်ပြေပါတယ်။ Configuration အနေနဲ့ Intel Core i3 , i5 နဲ့ i7 Processors တွေကို RAM 8GB/16GB တွေနဲ့ လာပါတယ်။ Storage ကတော့ 256GB အထိပဲ ထွက်တာ များပါတယ်။ မျက်နှာပြင် ၁၃.၅ လက်မဟာ 3:2 အချိုးဖြစ်လို့ ပုံမှန် Widescreen Display တွေထက်စာရင် အပေါ် ထောင်လိုက်နေရာယူမှု ပိုများနေပါတယ်။

USB Type C Ports နဲ့ Type A Port တွေ ပါပြီး Chromebook Spin ကနေ တခြား Accessories တွေနဲ့ ချိတ်ဆက်နိုင်မှာပါ။ ပိုမိုမြန်ဆန်တဲ့ ကြိုးမဲ့လုပ်ဆောင်ချက်နည်းပညာဖြစ်တဲ့ WiFi 6 နဲ့လာပါတယ်။

(၂) Surface Laptop Studio

Photo: Mashable

ပိုက်ဆံတတ်နိုင်ရင် Microsoft ရဲ့ Surface Laptop Studio ကိုင်သင့်ပါတယ်။ ပရီမီယံထုတ်ကုန်ဖြစ်တဲ့အတိုင်း ဒေါ်လာ ၁၆၀၀ လောက်က စပြီး ရောင်းပါတယ်။ မျက်နှာပြင်ဆိုဒ် ၁၄.၄ လက်မဟာ 2400 x 1600px ရှိပြီး 120Hz Refresh Rate အထိ ပါရှိပါတယ်။ လက်ပ်တော့ကနေ တက်ဘလက်လို ပြန်ပြောင်းလို့ ရပြီး ချိုးထားတဲ့ ဒီဇိုင်းအချိုးလေး လှသလို သုံးထားတဲ့ Specs တွေကလည်း အမြင့်တွေချည်းပါပဲ။

Quad-Core Intel i5 ၊ i7 Processors ၊ RAM 16GB/32GB နဲ့ 2TB Storage အထိ ပါရှိပါတယ်။ ဈေးအကြီးဆုံး မော်ဒယ်တွေမှာ NVidia GeForce RTX 3050 GPU နဲ့ WiFi 6 တို့ ပါရှိပါတယ်။ လုပ်ငန်းသုံး Memory-Intensive အလုပ်တွေ ၊ Video Call နဲ့ တခြား Gaming တွေမျိုးကို အသာလေး နိုင်ပါတယ်။ USB C port နှစ်ပေါက်ပဲ ပါတာကတော့ သိပ်အဆင်မပြေလှပါဘူး။

(၃) Surface Pro 8

Surface Pro 8

Photo: Mashable

Surface Laptop Studio လောက် ဈေးမကြီးဘဲ Powerful ဖြစ်တဲ့ ထုတ်ကုန်ပါ။ 2-In-1 ထုတ်ကုန်ဖြစ်ပြီး ၁၃ လက်မဆိုဒ် Display ပါရှိပါတယ်။ Refresh Rate 120Hz နဲ့လာပြီး ဖြုတ်တပ်နိုင်တဲ့ Keyboard လေးတော့ မပါရှိပါဘူး။ သီးသန့်ဝယ်မယ်ဆို ‌နောက်ထပ် ဒေါ်လာ ၁၄၀ ကုန်ဦးမှာပါ။

နောက်ဆုံးပေါ် Windows 11 သုံး ဒီထုတ်ကုန်ဟာ Intel Core i5/i7 တို့နဲ့ လာပြီး RAM 8GB ကနေ 32GB အထိ ထွက်ထားပါတယ်။ Storage ကိုလည်း 1TB အထိ သုံးထားပါတယ်။ ၁၆ နာရီအထိ အားခံတဲ့ ဘက်ထရီပါဝါကြောင့် တစ်နေကုန်အသုံးခံမှာ ဖြစ်ပါတယ်။

(၄) HP Spectre x360 14

HP Spectre x360 14

Photo: Mashable

နောက်ထပ် တန်ဖိုးကြီး လက်ပ်တော့တစ်လုံးက HP ထုတ် Spectre X360 14 ဖြစ်ပါတယ်။ ဒေါ်လာ ၁၃၇၀ တန် ဒီလက်ပ်တော့ဟာ ဆွဲဆောင်မှုအားကောင်းလှတဲ့ ဒီဇိုင်းအပြင် အမိုက်စား 3000 x 2000p ရုပ်ထွက်ပါ ၁၃.၅ လက်မ OLED Panel နဲ့ လာပါတယ်။ Chromebook Spin လိုပဲ 3:2 Aspect Ratio သုံးထားတာဖြစ်လို့ ဘေးဘက် Wide အစား အပေါ်ဘက် ထောင်လိုက်နည်းနည်း ပိုရှည်နေပါတယ်။

Intel Core i5 ဒါမှမဟုတ် i7 Processor တွေနဲ့ ဝယ်နိုင်ပြီး 2TB Storage ၊ 8GB/16GB RAM ၊ USB-C port ၂ ပေါက် ၊ USB Type-A port နဲ့ SD Card Reader တစ်ခုလည်း ထည့်ထားလို့ ဘက်စုံသုံးရအဆင်ပြေမှာပါ။

(၅) Lenovo Yoga 9i

Lenovo Yoga 9i

Photo: Mashable

ဒေါ်လာ ၁၀၀၀ ဈေးကနေ စတင်ရောင်းချသွားမယ့် Lenovo Yoga 9i ကလည်း 2-In-1 Laptops တွေထဲမှာ အကောင်းဆုံး ထုတ်ကုန်သစ်လို့ ဆိုနိုင်ပါတယ်။ ၁၄ လက်မဆိုဒ် အရွယ်အစား 1080p ဒါမှမဟုတ် 4K Touch Display တွေဟာ တခြား 2-In-1 တွေလိုပဲ ပတ္တာနဲ့ ခေါက်လှည့်လို့ ရပါတယ်။ အသံပိုင်းမှာ သူ့ပြိုင်ဘက်တွေထက် သာတယ်လို့ ဆိုနိုင်ပါတယ်။

11th Gen Intel Core i5 ၊ i7 Processor တွေနဲ့ လာပြီး RAM 8GB / 16GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ Storage ကိုတော့ 256GB ကနေ 1TB အထိ အမျိုးမျိုး ထွက်ထားပါတယ်။ WiFi 6 Support ပေးထားပြီး လုံခြုံရေးအတွက် Fingerprint Scanner တစ်ခုလည်း ပါရှိပါတယ်။ Port တွေအနေနဲ့ USB type-A port တစ်ခု USB Type-C port ၂ ခုနဲ့ Headphone Jack တစ်ခုလည်း ပါရှိပါတယ်။ ဘက်ထရီအား ၁၀ နာရီနဲ့ ၁၅ နာရီအထိ အသုံးခံနိုင်မယ်လို့လည်း ကြေညာထားတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။

Featured Photo: techspot