ကမ္ဘာပေါ်မှာ အချစ်ရေးကံကောင်းတဲ့သူတွေလည်း ရှိသလို၊ အချစ်ရေးကံခေနေတဲ့သူတွေလည်း တစ်ပုံကြီးပါပဲ။ ဒါပေမဲ့ အချစ်ရေးကံခေနေခြင်းက အားနည်းချက်တစ်ခုမဟုတ်ပါဘူး။ အားသာချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်းသမားဖြစ်နေရခြင်းက ကိုယ့်အတွက် ကောင်းကျိုးအမြောက်အမြားဆောင်ကျဉ်းပေးနိုင်လို့ပဲဖြစ်ပါတယ်။

စာဖတ်သူက တစ်ယောက်တည်းသမားလား၊ ဒါမှမဟုတ် ချစ်ရမယ့် ချစ်သူကောင်မလေးရှိနေပြီလား။ ချစ်သူကောင်မလေးရှိတယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ပြီးတဲ့နောက်မှာ Single ပြန်ဖြစ်ချင်စိတ်တွေတောင် ပေါ်လာနိုင်တယ်နော်။

ကဲ… ဒါဆိုရင် တစ်ယောက်တည်းသမားတွေရဲ့ အားသာချက်က ဘာတွေများလဲ။

ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ခြင်း

Source: Freepik.com

ကိုယ့်ရဲ့ အချိန်တွေကို ကိုယ်သာပိုင်နေတာပါ။ ကိုယ့်ရဲ့ ဂရုစိုက်မှု၊ ကြင်နာယုယမှုနဲ့ အချစ်တွေကို တောင်းခံနေတဲ့သူမရှိတော့ ကိုယ့်ကိုယ်ကို များများဂရုစိုက်နိုင်တာပေါ့။ ကိုယ့်ရဲ့ အားလပ်ချိန်မှာ အေးအေးဆေးဆေးအနားယူတဲ့အခါ နှောင့်ယှက်မယ့်သူရှိမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်နိုင်ခြင်း

Source: Freepik.com

ကိုယ့်ကောင်မလေးက သဘောမကျလို့ ဟိုလူနဲ့ မပေါင်းရဘူး၊ ဒီကောင်မလေးနဲ့ စကားမပြောရဘူး၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ထွက်မလည်ရဘူး၊ သူ့တစ်ယောက်တည်းကိုပဲ အချိန်ပေးရမယ် စသည်ဖြင့် တားဆီးချုပ်ချယ်ခြင်းတွေ ကင်းဝေးတာကြောင့် ကိုယ်ပေါင်းသင်းချင်တဲ့သူတွေနဲ့ စိတ်အေးလက်အေး ခေါ်ပြောဆက်ဆံနိုင်ပါတယ်။

ချုပ်ချယ်ခံရခြင်း၊ ပြဿနာရှာခံရခြင်း၊ အရစ်ခံရခြင်းမှ ကင်းဝေးခြင်း

Source: Freepik.com

ဘယ်ကောင်မလေးရဲ့ ပို့စ်ကို လပ်ဖ်ရီအက် သွားပေးလို့၊ ဘယ်လို ကောမန့်သွားမန့်ထားတာ စသည်ဖြင့် ပြဿနာအရှာခံနေစရာမလိုပါဘူး။ မိမိစိတ်ကြိုက် ဖေ့ဘွတ်လွတ်လွတ်လပ်လပ်သုံးမယ်။ သူမကို ဖုန်းမဆက်လို့ စိတ်ကောက်ခံရခြင်းမှ ကင်းဝေးမယ်။ အားအားနေ စိတ်ကောက်ပြေအောင် ပြန်ချော့တဲ့ဒုက္ခတွေလည်း ခံစားစရာမလိုပါဘူး။

အပိုဝင်ငွေမကုန်တဲ့အတွက် ပိုက်ဆံများများစုနိုင်ခြင်း

Source: Freepik.com

စိတ်ကောက်သွားလို့ ဘယ်လိုလက်ဆောင်ပေးပြီး ချော့ရပြန်ပြီ၊ ဘယ်နှလပြည့်မို့လို့၊ မွေးနေ့မို့လို့ လက်ဆောင်ပေးရပြန်ပြီ၊ ရုပ်ရှင်သွားကြည့်ချင်ရတာနဲ့ မုန့်စားချင်ရတာနဲ့။ မလိုအပ်တဲ့နေရာမှာ အပိုဝင်ငွေမကုန်တော့ဘဲ ကိုယ့်ဘာသာ ပိုက်ဆံစုနိုင်မယ်၊ ကိုယ့်အတွက် ဝဝလင်လင်သုံးနိုင်ပါလိမ့်မယ်။

ဝါသနာအသစ်တွေကို စူးစမ်းရှာဖွေနိုင်ခြင်း

Source: Freepik.com

ကောင်မလေးရသွားတဲ့အခါ သူ့အတွက် အချိန်ပေးရတာနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ့်ရဲ့ဝါသနာတွေအတွက် အချိန်ပေးနိုင်မှာတောင် မဟုတ်တော့ပါဘူး။ တစ်ယောက်တည်းသမားတွေကျတော့ ကိုယ့်တစ်ယောက်စာပဲ အချိန်ပေးရတာကြောင့် ကိုယ့်ရဲ့ ရှိပြီးသားဝါသနာတွေကို ပျော်ပျော်ကြီးပြုလုပ်နိုင်သလို ဝါသနာသစ်တွေကိုလည်း စူးစမ်းရှာဖွေနိုင်ပါသေးတယ်။