Rap Music လို့လည်း ခေါ်ကြတဲ့ Hip-Hop ဟာ ပင်မဂီတရေစီးကြောင်းထဲ စီးဝင်လာတဲ့ ဂီတပုံစံတွေထဲကမှ သက်တမ်းအနုဆုံးပုံစံတစ်မျိုး ဖြစ်ပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေက နယူးယော့ခ်မြို့မှာ အာဖရိုအမေရိကန်နဲ့ လက်တီနိုအမေရိကန်တွေက စတင်ခဲ့ကြတာပါ။ Hip-Hop ဂီတစီးကြောင်းဟာ ပုံစံသစ်ဂီတအသွင်အပြင်နဲ့အတူ ထူးခြားဆန်းသစ်တဲ့ ဝတ်စားဆင်ယင်မှု ၊ ဘာသာစကားနဲ့ လူမှုဘဝပုံစံတွေပါ သယ်ဆောင်လာခဲ့ကြပါတယ်။

နောက်တစ်ဆင့် ပြောစရာက Hip-Hop ဂီတဟာ တစ်ခါမှ အိပ်မက်မထားခဲ့ဖူးတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ အခွင့်အလမ်းတွေပါ ယူဆောင်လာခဲ့ပါတယ်။ တချို့ ရက်ပ်ပါတွေဆိုရင် Hip-Hop ဆိုရင်း ဘီလျံနာတွေအထိ ဖြစ်လာခဲ့ပါတယ်။ ကဲ လက်ရှိ Hip-Hop လောကထဲက အချမ်းသာဆုံး Rapper တွေက ဘယ်သူတွေလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Kanye West

Kanye West

Photo : GQ España

Forbes မဂ္ဂဇင်းမှာ ကန်ညေးဝက်စ်ကို ရက်ပ်ပါတွေထဲမှာ အချမ်းသာဆုံးအဆိုတော်အဖြစ် ဖော်ပြထားပါတယ်။ ကန်ညေးဝက်စ်ဟာ Yeezy Shoes ကုမ္ပဏီပိုင်ရှင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ အဆိုတော်လည်း ဖြစ် ၊ ကိုယ်တိုင်လည်း သီချင်းရေး ၊ တေးသံသွင်းထုတ်လုပ်ရေးလည်း လုပ်သလို ဖက်ရှင်ဒီဇိုင်နာလည်း ဖြစ်တဲ့ ကန်ညေးဝက်စ်ဟာ ဘီလျံနာတစ်ဦးဖြစ်ပါတယ်။

Forbes က နောက်ဆုံးရထားတဲ့အချက်အလက်တွေအရ ကင်ညေးဝက်စ်ရဲ့ အသားတင်ကြွယ်ဝမှုဟာ စုစုပေါင်း ဒေါ်လာ ၆.၆ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ စကားတစ်ခွန်းလည်း ညွှန်းချင်ပါတယ်။ “ကျွန်တော့်မှာ သင်ယူနိုင်စွမ်းကလွဲရင် ဘယ်အပိုင်းမှာမှ တကယ်တော်တယ်ဆိုတာ မရှိပါဘူး”ဆိုတာ သူ့ရဲ့ လက်သုံးစကားတစ်ခွန်းပါပဲ။ ကင်ညေးဝက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

(၂) Jay Z

Jay Z

Photo : Time Magazine

Jay Z ဟာ ကမ္ဘာကျော် Rapper တွေ ထွက်တဲ့ ဘရွတ်ကလင်းက ကမ္ဘာ့အချမ်းသာဆုံးအဆိုတော်တွေထဲက တစ်ဦးဖြစ်ပါတယ်။ တကယ်တမ်း Jay Z ကို ချမ်းသာစေတာက သူ့ရဲ့ ရင်းနှီးမြှပ်နှံမှုအိုင်ဒီယာတွေကြောင့် ဖြစ်ပါတယ်။ စုစုပေါင်း ဂရမ်မီဆု ၂၃ ဆုအထိ ရထားတဲ့ Jay Z ဟာ အဝတ်အစားလုပ်ငန်း ၊ အဖျော်ယမကာလုပ်ငန်း ၊ တေးသံသွင်းကုမ္ပဏီကြီးတွေ ၊ အားကစားအသင်းတွေ ၊ နိုက်ကလပ်နဲ့ တခြား လုပ်ငန်းပေါင်းစုံမှာလည်း ရှယ်ယာထည့်ဝင်ထားပါတယ်။

ထူးခြားတာက Jay-Z ဟာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလျံကျော် ချမ်းသာတဲ့ ပထမဆုံးဘီလျံနာ Rapper ဖြစ်ပြီး ၂၀၂၀ ဧပြီလအထိ သူ့ရဲ့ ကြွယ်ဝမှုဟာ ကင်ညေးဝက်စ်ထက် သာခဲ့ပါတယ်။ သူ့ဇနီး ဘီယွန်းစေးကလည်း ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်ပြီး ဒေါ်လာသန်း ၄၅၀ နဲ့အထက် ချမ်းသာသူ ဖြစ်ပါတယ်။ လက်ရှိ Jay Z ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၄ ဘီလျံ ရှိပါတယ်။

(၃) Sean Combs

Sean Combs

Photo : British GQ

ရှောင်ကွမ့်စ်ကို ရက်ပ်ပါလောကမှာ P. Diddy အဖြစ် လူသိများပါတယ်။ ကမ္ဘာပေါ်က အချမ်းသာဆုံး ရက်ပ်ပါတွေထဲက တစ်ယောက်ဖြစ်ပြီး Rapping အပြင် တေးသံသွင်း ထုတ်လုပ်ရေး ၊ သရုပ်ဆောင် ၊ သီချင်းရေး နဲ့ စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ပါတယ်။ သူလည်း Jay Z ၊ Kanye West တို့လိုပဲ အမေရိကန်လူမည်းရက်ပ်ပါတစ်ဦး ဖြစ်ပြီး ၂၀၂၁ မှာ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၈၈၅ သန်း ရှိပါတယ်။

“အောင်မြင်မှုဆိုတာ ခင်ဗျားပေါ်ပေါ် တက်လာမှာ မဟုတ်ဘူး။ ခင်ဗျား အလုပ်လုပ်နေရမယ်။ အလုပ်ပြီးရင်း အလုပ် အလုပ်ပြီးရင်း အလုပ် တိုးတိုးပြီး လုပ်နေမှ ရမှာ” ဆိုတာ ရှောင်ရဲ့ မှတ်သားစရာစကားတစ်ခွန်းဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဂီတတစ်ခုတည်းနဲ့ ရပ်တည်ပြီး ချမ်းသာလာသူမဟုတ်ပါဘူး။ ဖက်ရှင်နဲ့ အဝတ်အစားအသုံးအဆောင်လုပ်ငန်းတွေ ၊ ဗော့ဒ်ကာကုမ္ပဏီ နဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေပါ လုပ်ပြီး ချမ်းသာခဲ့တာ ဖြစ်ပါတယ်။

(၄) Dr.Dre

Dr.Dre

Photo : Time Magazine

အတော်ဆုံး Hip Hop ထုတ်လုပ်ရေးသမားတွေထဲက တစ်ဦးအဖြစ် Dr.Dre ကို အသိအမှတ်ပြုထားကြပါတယ်။ Dr.Dre ရဲ့ နာမည်ရင်းဟာ အန်ဒရေး ယန်းဂ်ဖြစ်ပြီး ၈၀ ပြည့်လွန်နှစ်တွေက N.W.A ဆိုတဲ့ ကယ်လီဖိုးနီးယားအခြေစိုက် အမေရိကန် Hip Hop အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ဂီတလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ နောက်မှ တစ်ကိုယ်တော် ရပ်တည်ခဲ့တာပါ။ နာမည်ကျော် Beat by Dr.Dre နားကြပ်ကုမ္ပဏီတည်ထောင်သူ ဖြစ်ပြီး ၂၀၁၄ မှာ Apple ကို ဒေါ်လာ ၃ ဘီလျံနဲ့ ရောင်းချခဲ့ပါတယ်။

စတုတ္ထမြောက်အချမ်းသာဆုံး ရက်ပ်ပါဖြစ်ပြီး သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာသန်း ၈၂၀ ကျော် ရှိပါတယ်။ “ခင်ဗျားနဲ့ တခြားသူတွေကို ကွဲပြားစေတဲ့ ခင်ဗျားရဲ့ တမူထူးကဲမှုတွေကို ရှာပါ။ ပြီးရင် စစ်မှန်တဲ့ ပင်ကိုယ်အစွမ်းအစ ၊ ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ ထက်သန်စွဲမြဲတဲ့ ဆန္ဒတရားတွေရှိရင် ဘာမဆိုဖြစ်နိုင်တယ်”။

(၅) Eminem

eminem

Photo : Glamour

လူဖြူ Hip Hop အဆိုတော်တွေထဲမှာ အအောင်မြင်ဆုံးရက်ပ်ပါကို ပြပါဆိုရင် Eminem ကိုပဲ ညွှန်းရမှာပါ။ ဒက်ထရွိုက်မှာ လုပ်တဲ့ ရက်ပ်ပင်ပြိုင်ပွဲကစပြီး စင်ပေါ်တက်လာတဲ့ တစ်ဦးတည်းသော လူဖြူရက်ပ်ပါဖြစ်ပြီး ဘဝတစ်လျှောက်လုံး အတိုက်အခိုက်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပါတယ်။ ငယ်ဘဝကလည်း ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတဲ့သူဟာ လူတွေနဲ့ မိတ်ဆွေဖြစ်ဖို့ ခက်ခဲ့ရပါတယ်။

Eminem ရဲ့ အောင်မြင်မှုဟာ တကယ့်ကို ထူးခြားပြီး မှတ်သားထိုက်တဲ့ ဇာတ်လမ်းတစ်ခုပါ။ လူမည်းတွေ ကြီးစိုးနေတဲ့ ရက်ပ်ပါလောကရဲ့ ရှားရှားပါးပါး Game Changer တစ်ဦးဖြစ်ပြီး အအောင်မြင်ဆုံး Hip Hop သီချင်းတွေ Rap စာသားတွေနဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အချမ်းသာဆုံး ရက်ပ်ပါစာရင်းမှာ ပဉ္စမမြောက်ဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၂၃၀ ချမ်းသာတယ်လို့ ဆိုပါတယ်။

Featured Image Source : USNews.com