ကျန်းမာရေးအရ လေ့ကျင့်ခန်း‌တွေ လိုက်စားကြရာမှာ လမ်းလျှောက်ခြင်းဟာ ခေတ်အဆက်ဆက် လက်သုံးအလေ့အထတစ်ခု ဖြစ်ခဲ့ပါတယ်။ လမ်းလျှောက်ခြင်းဟာ လေ့ကျင့်ခန်းတွေထဲမှာ လုပ်ဆောင်ဖို့ အလွယ်ဆုံးနဲ့ သိပ္ပံနည်းကျ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ တစ်ခြားကိုယ်လက်လေ့ကျင့်ခန်းတွေလိုပဲ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဒီစည်းမျဉ်းတွေ လိုက်နာဖို့ လိုပါတယ်။

(၁) ပုံမှန်လျှောက်ပါ

Photo: Pexels

မနက်ဘက် လမ်းလျှောက်တယ်ဆိုရင်လည်း လမ်းလျှောက်မပျက်ကွက်ဖို့ လိုပါတယ်။ ရာသီဥတု အေးလို့ပဲ ဖြစ်ဖြစ် မိုးရွာလို့ပဲ ဖြစ်ဖြစ် လမ်းလျှောက်တဲ့ အကျင့်ကို မပျက်အောင် ဂရုစိုက်သင့်ပါတယ်။ သွားနေကျ ပုံမှန်လမ်းကြောင်းအတိုင်း လျှောက်နေကျ အကွာအဝေးကို ရောက်အောင် လျှောက်ပါ။ လမ်းလျှောက်တာဟာ ဇွဲနဲ့ လုံ့လလိုပါတယ်။

(၂) ဖုန်းမသုံးဘဲ လမ်းလျှောက်ပါ

Photo: Unsplash

လမ်းလျှောက်ထွက်ချိန်မှာ ဖုန်းကို အိမ်မှာ ထားခဲ့တာ ကောင်းပါတယ်။ တကယ်လို့ ယူသွားမယ်ဆိုရင်လည်း မသုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းပါ။ သဘာဝရှုခင်းတွေ ၊ မြင်ကွင်းနဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင်းနဲ့ လမ်းလျှောက်တဲ့အပေါ် စိတ်နှစ်ထားဖို့ လိုပါတယ်။

(၃) အဖော်တစ်ယောက်နဲ့ လမ်းလျှောက်ပါ

Photo: Freepik

တကယ်လို့ သင့်မှာ လမ်းလျှောက်ဖော်တစ်ယောက်ရှိရင် အတော်လေးအဆင်ပြေပါတယ်။ လမ်းလျှောက်ဖော်ကောင်းတစ်ယောက်နဲ့ အပြင်ထွက် လမ်းလျှောက်ခြင်းဟာ စကားလေး တအေးအေးနဲ့ စိတ်လက်ကြည်သာရှိသလို လမ်းလျှောက်ရာမှာလည်း ပိုပြီး စိတ်ကြည်လင်လန်းဆန်းလာပါလိမ့်မယ်။ လမ်းလည်း ပုံမှန်လျှောက်ဖြစ်ဖို့ သေချာပါတယ်။

မိသားစုလိုက် လမ်းလျှောက်ဖြစ်တယ်ဆိုရင်လည်း ကောင်းပါတယ်။ အိမ်ထဲမှာ မပြောဖြစ်တဲ့ မိသားစုစကားဝိုင်းကို လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး ပြောလို့လည်း ကောင်းပါတယ်။ လမ်းလျှောက်စကားဝိုင်းဟာ မိသားစုစည်းလုံးရေးအတွက် အား တစ်ရပ်တောင် ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ တစ်ယောက်တည်း လမ်းလျှောက်ရရင်လည်း တွေးလို့ကောင်းပြီး စိတ်ကူးဉာဏ်ပွင့်နိုင်လို့ လမ်းလျှောက်ဖို့ပဲ ပြောချင်ပါတယ်။

(၄) လမ်းလျှောက်အကူပစ္စည်း ပါပါစေ

Photo: Pexels
လမ်းလျှောက်ထွက်မယ်ဆိုရင် မိုးရွာရွာ ၊ နှင်းကျကျ နေကာပစ္စည်းဆောင်သွားဖို့ လိုပါတယ်။ ရေသန့်ဗူးလေး ဆောင်ပါ။ လမ်းလျှောက်ဖိနပ်စီးပါ။ သက်ကြီးရွယ်အိုဆိုရင် လမ်းလျှောက်တုတ် သုံးသင့်ပါတယ်။

(၅) ရှည်ရှည်ဝေးဝေး ၊ နှေးနှေးမြန်မြန် လမ်းလျှောက်ပါ

Photo: Freepik

သင်လျှောက်နေကျခရီးက နီးလို့ပဲ ဖြစ်ဖြစ် ဝေးလို့ပဲ ဖြစ်ဖြစ် သင့်လမ်းလျှောက်နှုန်းက သွက်လို့ပဲ နေနေ နှေးနေတယ်ပဲ ဆိုဆို လမ်းလျှောက်ဖို့က အဓိကပါ။ လမ်းလျှောက်ချိန်မှာ ကယ်လိုရီဘယ်လောက် လောင်ကျွမ်းသွားသလဲ ၊ ဘယ်လောက်တောင် ရောက်သွားပြီလဲ ၊ ဘယ်‌လောက် မြန်မြန်လျှောက်‌နေသလဲဆိုတာ သိစရာမလိုပါဘူး။