သင့်ကောင်မလေးက သင့်အပေါ် အချစ်တွေပေ့ါပြီး စိမ်းကားနေပြီလို့ ခံစားနေရပါသလား။
သင့်အနေနဲ့ သင့် ချစ်သူကောင်မလေးကို ဂရုမစိုက်ဘူးဆိုရင် သူ(မ)ကလည်း သင့်အပေါ်မှာ တဖြည်းဖြည်း စိမ်းကားလာပါလိမ့်မယ်။ သင် သတိမထားမိတဲ့အချိန်မှာ သင်တို့နှစ်ယောက် အဝေးကွာကြီး ဝေးကွာသွားနေပါပြီ။
ဘယ်လိုအချက်တွေက သင့်ကောင်မလေး သင့်အပေါ်မှာ စိမ်းကားကြောင်း ပြသနေပါသလဲ။
ဘယ်တော့မှ ရန်မဖြစ်တော့ဘူး

အရင်ကတော့ ရန်ဖြစ်လိုက် စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အချစ်ခရီးလမ်းက ခြောက်ကပ်ကပ်ကြီးဖြစ်နေသလို ခံစားနေရပြီလား။ သင်တို့နှစ်ယောက်က အရင်လို ရန်မဖြစ်တော့ဘူးဆိုရင် သင့်ကောင်မလေးက သင့်အပေါ်မှာ စိတ်ကုန်နေပြီ စိတ်ပျက်နေပြီဖြစ်ကြောင်းဖော်ပြနေတာပဲဖြစ်ပါတယ်။
ဒီအတွက် ဖြေရှင်းရမယ့်နည်းလမ်းကတော့ သင့်ကောင်မလေးရဲ့စိတ်ခံစားချက်ကို သိရှိအောင် ပြုလုပ်ပါ။ လျစ်လျူမရှူဘဲ သင် ဂရုစိုက်ကြောင်း ဖော်ပြပေးလိုက်ပါ။
သတင်းကောင်းတွေကို အတူတူမဝေမျှတော့ဘူး

သင့်မှာ ပျော်ရွှင်စရာကောင်းတဲ့ သတင်းကောင်းတစ်ခု ရှိတယ်ဆိုပါစို့။ ထိုသတင်းကောင်းကို ပထမဦးဆုံး ပြောပြချင်တဲ့သူက ဘယ်သူဖြစ်မလဲ။
ကိုယ်ချစ်ရတဲ့သူတွေက အရင်ဦးဆုံး ပြောပြချင်ပါလိမ့်မယ်။ သင့်ကောင်မလေးက ပျော်ရွှင်စရာကောင်းတဲ့သတင်းကောင်းတွေကို သင်နဲ့အတူတူ မဝေမျှတော့ဘူးဆိုရင် သင့်အပေါ်မှာ တဖြည်းဖြည်း စိမ်းကားလာကြောင်း ပြသနေတာပဲဖြစ်ပါတယ်။
ဒီအတွက် ဖြေရှင်းနည်းကတော့ ပြဿနာရဲ့အရင်းအမြစ်ကို စဉ်းစားကြည့်ပါ။ သင့်ကောင်မလေးက သင့်ကို ရင်ဖွင့်တဲ့အချိန်တွေ စကားပြောတဲ့အချိန်တွေမျာ သင့် မျက်နှာအနေအထားက ဘယ်လိုဖြစ်နေတတ်ပါသလဲ။ သူ(မ) ပြောပြတဲ့အကြောင်းအရာကို စိတ်ဝင်တစား နားထောင်နေရဲ့လား။
နှစ်ယောက်အတူတူ ရှိနေချိန်မှာ တိတ်ဆိတ်မှုကသာ ကြီးစိုးနေပြီလား

အရင်ကတော့ နှစ်ယောက်အတူတူရှိနေချိန်မှာ ချစ်စကားတွေ တီတီတာတာ ပြောနေပေမယ့် အခုနောက်ပိုင်းကျတော့ နှစ်ယောက်တွေ့ဆုံချိန်မှာ တစ်ယောက်အပေါ်တစ်ယောက် စိတ်ဝင်စားမှု မရှိတော့တာမျိုး၊ ဘာသိဘာသာနေပြီး ဖုန်းသုံးနေတာမျိုးဆိုရင်တော့ သေချာပါတယ် သင်တို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက မကြာခင် ပြိုကွဲတော့မှာပါ။
သင့်အနေနဲ့ ဘယ်လိုပြန်ပြင်ဆင်နိုင်မလဲဆိုရင် ရုပ်ရှင်အတူတူ ကြည့်ပြီး သူ(မ) စိတ်ဝင်စားစေမယ့် အကြောင်းအရာများကို စကားစပေးလိုက်ပါ။ သူ(မ)ဘက်ကလည်း စိတ်ဝင်တစားနဲ့ စကားပြန်ပြောပါလိမ့်မယ်။
သင်နဲ့ အကြည့်ချင်းမဆုံဖို့ ကြိုးစားနေပြီလား

မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ပါ။ သင့်ကောင်မလေးက သင်နဲ့ မျက်လုံးချင်းမဆုံတာက သူ့ရဲ့စိတ်ခံစားချက်များကို ဖုံးကွယ်ထားချင်လို့ပဲဖြစ်ပါတယ်။
ဒီပြဿနာအတွက် ဖြေရှင်းနည်းကတော့ သူ(မ)နဲ့ မျက်လုံးချင်းဆုံးခဲ့သည်ရှိသော် သူ(မ)ကို ပြုံးပြလိုက်ပါ။
ဘာကိုမှ ဂရုမစိုက်တော့ဘူး

သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်ပါ။ သင် ဒီဆောင်းပါးကို ဖတ်နေတဲ့အချိန်မှာ သူ(မ)က ပြုလုပ်နေတဲ့ လက္ခဏာတွေကို ဦးစားပေးဖတ်ပြီး ဖြေရှင်းနည်းတွေကို ကျော်ဖတ်နေပြီလား။ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အရင်လို ပြန်တည်ဆောက်ဖို့ရန်အတွက် ကြိုးစားချင်စိတ်မရှိတော့ဘဲ ဒီအခြေအနေကလည်း သင့်အတွက် အဆင်ပြေနေပြီလား။
ဒါဆိုရင်တော့ သင်ကလည်း သင့်ကောင်မလေးအပေါ်မှာ စိမ်းကားနေပြီပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ကောင်မလေးနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။ ဘယ်အချက်က သင်တို့နှစ်ယောက်ကို ဝေးကွာစေတာလဲဆိုတာကို ဆွေးနွေးကြည်ပါ။
ဒါဆိုရင်တော့ သင်တို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံးအဖြေတစ်ခုကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။
Photo Source: Feepik.com
Source: Brightside.me
