အီးမေးလ်တွေ ၊ ရုံးစာဖိုင်တွဲတွေ ၊ လုပ်လက်စ အပြီးမသတ်နိုင်သေးတဲ့ ပရောဂျက်တွေနဲ့ ခဏခဏ တိုင်ပတ်နေသလား။ ရုံးမှာ ဘယ်လောက်လုပ်လုပ် အချိန်မလောက်အောင် ဖြစ်နေတယ်ဆိုရင် အလုပ်ဖြစ်တဲ့ အကျင့်လေးတွေ မရှိလို့ ဖြစ်နိုင်ပါတယ်။ အလုပ်ခွင်မှာ အလုပ်မပိအောင်ဆိုရင် အခုပြောတဲ့ အလေ့အကျင့်လေးတွေ ပုံမှန်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၁) ဘယ်အလုပ်တွေ အရင်လုပ်ရမလဲ သိပါစေ

Photo: Pexels

အလုပ်တွေပုံလာပြီဆိုရင် ဘယ်အလုပ်ကို စလုပ်လိုက်ရမှန်း မသိဖြစ်တတ်ပါတယ်။ အလုပ်တွေ ပိလေလေ ခေါင်းပိုရှုပ်ပြီး အလုပ်ခရီးမရောက်လေလေ ဖြစ်တတ်ပါတယ်။ဒီလို မဖြစ်စေဖို့ လုပ်စရာအလုပ်တွေထဲကမှ ဘယ်အလုပ်ကို အရင်ဖြတ်ရမလဲ ၊ ဘယ်တစ်ခုက ထိပ်တန်းဦးစားပေးလဲဆိုတာ အရင်ကြည့်ဖို့ လိုပါတယ်။

ဒီနေရာမှာ အမေရိကန်ရဲ့ ၃၄ ဆက်မြောက် သမ္မတလည်းဖြစ် ဒုတိယကမ္ဘာစစ်အတွင်က မဟာမိတ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ယူခဲ့တဲ့ အိုင်ဆင်ဟောင်ဝါရဲ့ Eisenhower Matrix ဇယားကို သုံးသင့်ပါတယ်။Eisenhower Matrix ထဲမှာ (၁) အရေးကြီးဦးစားပေးစာရင်း ၊ (၂) အရေးကြီး ဦးစားပေးလုပ်စရာမလို (၃) အရေးမကြီး ဦးစားပေးလုပ်သင့် နဲ့ (၄) အရေးလည်းမကြီး ဦးစားပေးစရာလည်း မလိုဆိုပြီး ဇယားချပြီး အစဉ်တိုင်း လုပ်သွားတာပါ။

(၂) အရေးမပါတဲ့ အချက်အလက်တွေနဲ့ အချိန်မကုန်စေနဲ့

Photo: Pexels

အချိန်စီမံမှုနဲ့ လုပ်အားစီမံမှုဟာ အလုပ်ဖြစ်မြောက်ဖို့အတွက် အရေးပါတဲ့ ဒေါက်တိုင်တွေပါ။ ဒါကြောင့် အချိန်နဲ့ လူရဲ့ စွမ်းအားကို အလဟဿဖြစ်စေမယ့် သတင်းအချက်အလက်တွေကို စိစစ်ဖယ်ထုတ်ဖို့ ၊ သတင်းအချက်အလက် ရယူရာမှာ အချိန်ကြန့်ကြာမှု မရှိအောင် နည်းပညာသုံးဖို့ လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် မနက်စောစော ထပြီး အချက်အလက်တွေ ရယူစုစည်းတာ ၊ တစ်နေ့တာ အချိန်ဇယားဆွဲတာတွေ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) အစီအစဉ်ချပါ

Photo: Pexels

Plan က အရေးကြီးပါတယ်။ အစီအစဉ်အတိုင်း အလုပ်လုပ်တာဟာ ဦးတည်ချက် မပျောက်အောင် ကူညီပေးသလို အလုပ်ကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာပါ။ အစီအစဉ်အတိုင်း ဖြစ်မလာရင်တောင် ကိုယ့်မှာ အစီအစဉ်တွေ ရှိခြင်းကြောင့် ပြဿနာတစ်ခုခုကို တုန့်ပြန်ဖြေရှင်းရာမှာ အများကြီး မြန်ဆန်လာပါလိမ့်မယ်။

(၄) ပြီးအောင်လုပ်ပါ

Photo: Pexels

အလုပ်တစ်ခုကို လက်စမသတ်ဘဲ တိုးလို့တန်းလန်းထားတာမျိုးက နောက်ထပ်နောက်ထပ် အလုပ်တွေ ပုံလာအောင် ဖိတ်ခေါ်လိုက်သလို ဖြစ်စေပါတယ်။ အလုပ်မှာ ပန်းတိုင်ထားပြီး တစ်ခုချင်း ဖြတ်ဖြတ်သွားမယ်ဆိုရင် နောက်တစ်နေ့မှာ စိတ်လက်ကြည်ကြည်နဲ့ အလုပ်ခွင်ဝင်လို့ ရမှာပါ။ ဒီလို စည်းကမ်းထားခြင်းဟာ သူ့စွမ်းရည်နဲ့ သင့်နာမည်ကို ပြန်စိန်ခေါ်နေတာပဲ ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို ဂုဏ်ပြုဖို့ မမေ့နဲ့

Photo: talk-business

အလုပ်လုပ်တယ်ဆိုတာ စားဝတ်နေရေးဆိုတာထက် ပိုပါတယ်။ နေ့တိုင်းမှာ အလုပ်လုပ်တာဟာ အလုပ်ရဲ့ ကျွန် လာလုပ်နေတာ မဟုတ်ပါဘူး။ကိုယ့်ရဲ့ အစွမ်းအစနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို ထုတ်သုံးပြီး ကျေနပ်မှု ရယူနေတာ ဖြစ်ပါတယ်။ ဒီတော့ ခက်ခဲတဲ့ ပြဿနာတစ်ခု ဖြေရှင်းပြီးတိုင်း ကိုယ့်ကိုယ်ကို စိန်ခေါ်ထားတဲ့ အရာတွေ ပြီးမြောက်သွားတိုင်း ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပါ။ ဒါဟာ နောက်လာမယ့် ပရောဂျက်အသစ်တွေ ၊ အခွင့်အလမ်းနဲ့ အခက်အခဲ သစ်တွေအတွက် ကိုယ့်ကိုယ်ကို ရာထူးတိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။