ဘဝမှာ​ပျော်​ရွှင်​မှုဆိုတာကို ပတ်​ဝန်းကျင်​ရဲ့ လွမ်းမိုးမှုက​နေ ရနိုင်​မယ့်​အရာလို့ သင်​ထင်​မြင်​ပါသလား။ တကယ်​​တော့​ပျော်​ရွှင်​မှုဆိုတာ ကိုယ့်​စိတ်​အတွင်းကဖြစ်တည်လာတဲ့အရာတစ်ခုဖြစ်ပါတယ်​။ ဒါ​ကြောင့်​ ကိုယ့်​ကိုယ်​ကို ​ပျော်​ရွှင်​​အောင်​ထားဖို့ ကိုယ်​တိုင်​မှာပဲ တာဝန်​ရှိတာဖြစ်ပါတယ်။

ကိုယ့်​ရဲ့စိတ်​က​လေး သာယာ​ပျော်​ရွှင်​မှ ​ပျော်​ရွှင်​မှုအစစ်​မှန်​ကို ခံစားနိုင်​မှာဖြစ်​လို့ ရှောင်ရှားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖုန်းနဲ့ကင်းနိုင်​သမျှ ကင်း​အောင်​​နေပါ

Source : liveabout.com

ယနေ့ခေတ်မိုဘိုင်းဖုန်းတွေဟာ လက်​တစ်​ဝါးစာ LED Screen​ လေးက​နေ လူ​နေမှုဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို လုပ်​​ပေးနိုင်​​တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ လူအများစုအတွက်​ သူမရှိရင်​တစ်​ရက်​​လောက်​​တောင်​ မ​နေနိုင်​​အောင်​ကို စွမ်း​ဆောင်​နိုင်​တာပါ။ သို့​ပေမယ့် အရာရာမှာ ​ကောင်းကျိုးဆိုးကျိုးဆိုတာ ဒွန်​တွဲပြီးလာတက်တာကိုလည်းမေ့ထားလို့မရပါဘူး။

ကိုယ့်​ပတ်​ဝန်းကျင်​မှာရှိတဲ့ မိသားစု၊ မိတ်​​ဆွေ​တွေထက်​ ဒီဖုန်းကိုပဲ အချိန်​​တွေပို​ပေးမိလာတဲ့အခါမှာ စိတ်ထဲမှာအထီးကျန်​မှု​တွေ ခံစားလာကြရပါတယ်​။ဒါ​ကြောင့်​ တတ်​နိုင်​သမျှ ကိုယ့်​ကိုချစ်​ခင်​သူ​တွေနဲ့လဲပြီး Screen​ ပေါ်ကအရာတွေကိုပဲ အချိန်ပေးဖို့ မကြိုးစားပါနဲ့။

(၂) ဥယျာဉ်​မှူးအဖြစ် ​အပန်း​ဖြေပါ

Source : dissolve.com

လူတော်တော်များများ မြို့ပြလူ​နေမှုဘဝရဲ့ မွန်းကြပ်​ဖွယ်​ရာ အ​ခြေ​နေ​တွေက​နေ လွတ်​​မြောက်​ချင်ကြပါတယ်။ တခြားသောငွေကုန်ကြေးကျများစေမယ့်အရာတွေထက်စာရင် စိမ်းစိမ်းစိုစိုရှိမယ့်​ ဥယျာဉ်​ပန်းမာန်​​လေးတစ်​ခုဖြစ်​​အောင်​ ကိုယ့်​အိမ်​​ရှေ့က​မြေကွက်​လပ်​​လေးမှာဖြစ်​​ဖြစ်​ အပင်​​လေး​တွေစိုက်​ပါ။ အပင်​စိုက်​ခြင်းဟာ ကမ္ဘာ​မြေကြီးကိုကယ်​တင်​ရာလည်း​ရောက်​သလို ကိုယ့်​စိတ်​ကိုယ်​ကယ်​တင်​ရာရောက်​ပါတယ်​။

ကိုယ်စိုက်​ပျိုးလိုက်​လို့ သစ်ပင်၊ ပန်းပင်က​လေး​တွေကိုမြင်​ရင်​ ရရှိလာမယ့်​ပီတိတွေဟာ ကိုယ်​တိုင်​လုပ်​ဖူးမှ ဘယ်​​လောက်​​ကောင်းလဲဆိုတာ အ​​​သေချာသိနိုင်​မှာမို့ အခုပဲ အ​ကောင်​ထည်​​ဖော်​လိုက်​ပါ။

(၃) ကိုယ်​မသိ​သေးတဲ့အရာတွေကို ​လေ့လာသင်​ယူပါ

Source: Shutterstock

ပညာရဲရင့်​ ပွဲလယ်​တင့်​ဆိုသလိုပဲ ပညာဟာ အားဖြစ်​​စေတာအမှန်​ပါ။ လူတိုင်းလူတိုင်းအတွက် လေ့လာသင်ယူမှုဆိုတာဘယ်တော့မှ ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ သင်​ယူခြင်းဆိုတဲ့လမ်းဟာ မ​ချော​မွေ့​ပေမဲ့ တတ်​​မြောက်​ခြင်းဆိုတဲ့ ပန်းတိုင်​မှာ​တော့ ​ပျော်​ရွှင်​မှု​တွေက သင့်​ကိုဆီးကြို​နေမှာပါ။ တန်​ဖိုးရှိတဲ့ ​ပျော်​ရွှင်​မှုမျိုး ရရှိပိုင်​ဆိုင်​ချင်​ရင်​ အချိန်​ကိုအကျိုးရှိရှိ အသုံးချတဲ့အ​နေနဲ့ မသိနားမလည်​​သေးတဲ့ ပညာရပ်​​တွေ​ကို လေ့လာလိုက်​ပါ။

(၄​) ကျန်းမာတဲ့အဆီကိုစားပါ

Source : Healthline

လူအများစုဟာ အဆီလို့ကြားတာနဲ့ ကျန်းမာ​ရေးနဲ့မသင်​​တော်​ဘူး ထင်​ကြပါတယ်​။ အမှန်​က အဆီတိုင်း မ​ကောင်းတာမဟုတ်​ပါဘူး။ Omega-3 ပါတဲ့ ငါးအဆီဟာ လူ့ကျန်းမာ​ရေးကို အ​ထောက်​အကူပြုတဲ့ အမျိုးစား​တွေထဲက တစ်​ခုပါအဝင်​ပဲ ဖြစ်​ပါတယ်​။ ငါးအဆီဟာ လူ့ခန္ဒာကိုယ်​တွင်းက အဆီ​တွေကို​ချေဖျက်​​ပေးသလို စိတ်​ထိခိုက်​မှုကို​ လျော့ကျ​စေပါတယ်​။

ဒါ​ကြောင့်​ တပတ်​မှာအနည်းဆုံး နှစ်​ရက်​​လောက်​ Omega-3 ကြွယ်ဝစွာပါတဲ့ ငါးကိုစားသုံး​ပေးခြင်းဖြင့်​ ကျန်းမာ​ပျော်​ရွှင်​တဲ့ဘဝ​လေး ဖန်​တီးလိုက်​ပါ။

(၅) အဆုတ်​ထဲထိ​လေရ​အောင်​ ရှူရှိုက်​ပါ

Source : Psychology Today

လူ့ခန္ဓာကိုယ်​တစ်​ခုလုံးမှာ ဆက်​ရှင်​သန်​​နေနိုင်​ဖို့ အ​ခြေခံကျဆုံး လုပ်​​ဆောင်​​ပေး​နေတာက​တော့ အသက်​ရှူလမ်း​ကြောင်းပါ။ နှာခေါင်းကတစ်​ဆင့်​ ရှူရှိုက်​လိုက်​တဲ့​လေဟာ အဆုတ်​နဲ့ဦး​နှောက်​ကို ပြည့်​ပြည့်​ဝဝ​ရောက်​ဖို့လိုပါတယ်​။ ဒါမှသာ စိတ်​ပိုင်းဆိုင်​ရာ ​အေးချမ်းတည်​ငြိမ်​မှုကို ခံစားနိုင်​မှာ​ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဒေါသအရမ်းထွက်နေတဲ့အခါမျိုးမှာ အသက်ကို ခပ်ပြင်းပြင်းလေး ရှုရှိုက်လိုက်ခြင်းဖြင့် ဒေါသစိတ်တွေ ၊ စိတ်ဖိစီးမှုတွေလျော့နည်း သွားတဲ့ ခံစားမှုမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။