အားကစားရုံသွားပြီး နေ့တိုင်း အလေးမ,တာ ၊ Fitness Training ဝင်တာ လုပ်ရင် ၄-၅ လလောက် ကြာရင် ကြွက်သားအပြိုင်းပြိုင်းနဲ့ အားကျစရာကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်လာမှာ မလွဲပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်လုပ်စရာ လုပ်ငန်းတာဝန်ဇယားမှာ ဦး‌နှောက်ကို အလေးမပေးမယ့် Brain Workout တွေ လုပ်ပေးရင်လည်း ဦးနှောက်ကြီးတဲ့လူ (တစ်နည်း) စိတ်ပိုင်းဆိုင်ရာ ကြီးမြင့်ပြီး ဉာဏ်အမြော်အမြင် အားကောင်းသူ ဖြစ်လာမှာ အမှန်ပါပဲ။ ဦးနှောက် Workout လုပ်ဖို့ Gym ရုံ သွားစရာမလိုပါဘူး။ အလေးတုံးတွေ မ,စရာ မလိုပါဘူး။ အခုပြောမယ့် နေ့စဉ် လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေးဖို့ပဲ လိုမှာပါ။

(၁) နေ့တိုင်း စာဖတ်ပါ

read a book

Photo: Unsplash

စာမဖတ်ဘဲ ကုန်ဆုံးသွားတဲ့နေ့ မရှိဘူးလို့ ပြောနိုင်အောင် နေ့တိုင်း စာဖတ်ဖြစ်အောင် ဖတ်ပါ။ နာရီဝက်ရရ တစ်နာရီရရ နေ့တိုင်း အကျိုးရှိမယ့်စာအုပ်တွေ ဖတ်သွားရင် သင့်ခေါင်းဟာ ဗဟုသုတနဲ့ အသိဉာဏ်မြင့်မားတဲ့ တန်ဖိုးကြီး ခေါင်းတစ်လုံး ဖြစ်လာမှာပါ။

(၂) မှတ်တမ်းရေးပါ

Journaling

Photo: Unsplash

မှတ်တမ်းရေးတယ်ဆိုတာ ကိုယ်ဖြတ်သန်းခဲ့တဲ့သမိုင်းကို ပြုစုတာပါပဲ။ ဒိုင်ယာရီရေးဖို့အတွက် မှတ်စုစာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းပဲ လိုပါတယ်။ အခုခေတ်ဆို စမတ်ဖုန်း Notepad App ထဲမှာ ကိုယ့်အတွေးတွေကို ချ‌ရေးလို့လည်း ရတာပါပဲ။ နေ့စဉ်မှတ်တမ်း ပုံမှန်ရေးသွားတဲ့ အကျိုးက အများကြီးရှိပါတယ်။ အချိန်တွေ ကြာလေလေ ကိုယ်ရေးခဲ့တဲ့ မှတ်တမ်းက ကိုယ့်ခေါင်းထဲကို မှတ်ဉာဏ်နဲ့ အိုင်ဒီယာဟောင်းတွေအဖြစ် ပြန်ပြီးရောက်လာမှာပါ။

(၃) ဝါသနာသစ် မွေးပါ

gardening

Photo: Unsplash

ဝါသနာသစ်တွေက သင့်ဦးနှောက်ကို ထက်မြက်အောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဝါသနာတွေက ဦးနှောက်ကို ဖောက်ထွက်စဉ်းစားတတ်အောင် ၊ မှတ်သားဖန်တီးချင်တဲ့စိတ် ဖြစ်လာအောင် ပုံဖော်ပေးနိုင်ပါတယ်။ ပုံကြမ်းရေးတာ ၊ ကိုယ်တိုင် ပျိုးဥယျာဉ်လေး စိုက်တာ ၊ ကနည်းအသစ် သင်ယူတာကနေ ဂီတတူရိယာတွေ တီးခတ်တာအထိ ဝါသနာတွေမှ အများကြီးပါပဲ။ ဝါသနာကောင်းတွေဟာ လူ့ကျန်းမာရေးအတွက် မိတ်ဆွေတွေလို့လည်း ဆိုချင်ပါတယ်။

(၄) တရားထိုင်ပါ

Meditation

Photo: Unsplash

ဦးနှောက်စွမ်းအားကောင်းချင်ရင် နေ့စဉ် တရားထိုင်တဲ့အကျင့်လုပ်ပါ လို့ ပြောချင်ပါတယ်။ တရားထိုင်တယ်ဆိုတာ နေ့စဉ်ဘဝမှာ ကြုံနေတဲ့ စိတ်အရှုပ်အထွေးတွေနဲ့ မှားယွင်းတဲ့ စိတ်ခံစားချက်တွေကို ရှင်းလင်းတည့်မတ်တာပဲ ဖြစ်ပါတယ်။ အခုခေတ်လို ဖျော်ဖြေရေးတွေ ၊ လူမှုကွန်ရက်နဲ့ အာရုံထွေပြားစရာ များတဲ့ခေတ်မှာ ဦးနှောက်ကြံ့ခိုင်သန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာ ထက်မြက်လာဖို့ နေ့တိုင်း တရားထိုင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၅) မိတ်ဆွေဖွဲ့ပါ

Friends

Photo: Unsplash

လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ခြင်းဟာ Soft Skill တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ နှလုံးသား စွမ်းရည်မြင့်မားစေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ လူအချင်းချင်း ပတ်သက်စပ်ယှက်ရာကနေ တစ်ဦးချင်း ဖွံ့ဖြိုးမှု ၊ လူ့အဖွဲ့အစည်း တိုးတက်မှုအထိ ပုံဖော်သွားကြတာပါပဲ။ သူငယ်ချင်း မိတ်ဆွေဖွဲ့ခြင်းဟာ လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ အကျိုးအပြင် မိတ်ဆွေသစ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုအထိ ရရှိခံစားနိုင်ပါတယ်။