ကားတစ်စင်းပိုင်ဖို့ဆိုတာ ငွေအရင်းအနှီးအတော်လေး လိုပါတယ်။ ကားပြင်စရိတ် ၊ အဆီဖိုး ၊ အာမခံ နဲ့ ကုန်ကျစရိတ်တွေလည်း ရှိပါတယ်။

ဒီတော့ ကိုယ့်မှာ ကားတစ်စင်း အပိုင် ရှိထားပြီး ဒီကားကနေ ငွေရှာလို့ရရင် တွက်ခြေကိုက်ပါတယ်။ ကိုယ်ပိုင်ကားတစ်စင်းကနေ ငွေထွက်လာအောင် လုပ်လို့ရတဲ့ နည်းတွေထဲက ရိုးရှင်းတဲ့ နည်းလမ်း ၅ သွယ် ညွှန်းချင်ပါတယ်။

(၁) ကိုယ်တိုင် တက္ကစီဆွဲပါ

Photo: iCharts

ကားမောင်းရတာ ဝါသနာ ပါပြီး လူတွေနဲ့လည်း ထိတွေ့ဆက်ဆံမှု လုပ်ချင်တယ်ဆိုရင် Uber တို့ Grab တို့လို Ride-Hailing ကုမ္ပဏီတွေမှာ ကိုယ့်ကားကို စာရင်းသွင်းပြီး အငှားယာဉ်မောင်းအဖြစ်လည်း လုပ်နိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း ကိုယ့်အချိတ်အဆက်နဲ့ကိုယ် အပြင်မှာ ပြေးဆွဲလို့လည်း ရပါတယ်။

(၂) ပစ္စည်းပို့တဲ့ အလုပ်လုပ်ပါ

Photo: confused

ခရီးသည်တွေ ပို့ဆောင်တာမျိုး မလုပ်ချင်ဘူးဆိုရင် နောက်တစ်ခု လုပ်နိုင်တာက Delivery ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ပစ္စည်းပို့တာ ၊ အစားအသောက် ပို့တာတွေ လုပ်နိုင်ပါတယ်။ ဥပမာ-Uber Eats တို့DHL တို့နဲ့ ပေါင်းပြီး ပစ္စည်းပို့တဲ့ ကားအဖြစ် ဝင်လုပ်လို့ ရပါတယ်။

(၃) ကုမ္ပဏီအလုပ်ထဲ သွင်းနိုင်ပါတယ်

Photo: Pexels

တစ်ချို့ NGO အဖွဲ့အစည်းတွေ ကုမ္ပဏီကြီးတွေမှာ ကိုယ့်ကားကို မြို့တွင်း/နယ်ဝေးကားအဖြစ် လစာကောင်းကောင်းယူပြီး ထည့်လို့ရပါတယ်။ ကုမ္ပဏီတွေကလည်း ၆ လပရောဂျက် ၁ နှစ်ပရောဂျက်နဲ့ ကားတွေကို ယာဉ်မောင်းနဲ့တကွ ငှားတာတွေ ရှိပါတယ်။

(၄) ကြော်ငြာကားအဖြစ် သုံးနိုင်ပါတယ်

Photo: confused

တစ်ချို့ ကြော်ငြာလုပ်ငန်းတွေဟာ ကားတွေမှာ သူတို့ကုမ္ပဏီရဲ့ ကြော်ငြာတွေကို ငွေပေးပြီး ကပ်ပါတယ်။ ကားဆိုတာ တစ်မြို့လုံး ပတ်သွားနေတဲ့ ယာဉ်ဖြစ်လို့ ကြော်ငြာကို လူပိုမြင်စေမယ်ဆိုတဲ့ အိုင်ဒီယာနဲ့ပါ။

(၅) အငှားပြန်ချလို့ရတယ်

Photo: Pexels

တစ်ပတ်မှာ ကိုယ်ကားသုံးတာ ၁ ရက် ၂ ရက်ပဲ ရှိတယ်ဆိုရင် ကားကို ပုတ်ပြတ်ငှားစားလို့လည်း ရပါတယ်။ မြို့တွင်း ခရီးသည် ပို့ဆောင်သူတွေနဲ့ ဘုရားဖူး ၊ ပျော်ပွဲစားထွက် ခရီးသွားသူတွေကလည်း ခရီးသွားရာသီတွေမှာ ကားငှားချင်ကြလို့ ဖြစ်ပါတယ်။