ဒီခေတ်မှာ ဂိမ်မာတစ်ယောက်ရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အလမ်းတွေက တစ်နေ့ထက် တစ်နေ့ အားကျလောက်အောင် တွေ့လာရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဒေါ်လာသန်းချီတန်တဲ့ ဆုကြေး ပေးနေတဲ့ eSports ပြိုင်ပွဲတွေ ကျင်းပနေသလို ကိုယ်တိုင်လည်း ဂိမ်းကစားရင်း ငွေရှာလို့ရမယ့် အခွင့်အရေးတွေ မနည်းပဲ ရှိလာပါပြီ။
ဂိမ်းကစားရတာ ဝါသနာကြီးပြီး ပရိုဂိမ်မာတစ်ယောက် ဖြစ်ဖို့လည်း ဆုံးဖြတ်ထားတယ်ဆိုရင် ဒီလို စတင်သင့်ပါတယ်။
(၁) ဘာဂိမ်းကစားမလဲ
Phoot: Unsplash
ဂိမ်းကတော့ အမျိုးအစားရာပေါင်းများစွာ ရှိပါတယ်။ ဒီထဲကမှ ကိုယ်ဘယ်ဂိမ်းအမျိုးအစားကို ပိုသဘောကျသလို တကယ်လည်း Master Level ရောက်နိုင်မလဲ ပြန်ပြီး ချုံ့ကြည့်ရမှာပါ။ ဂိမ်းတွေအများကြီး ဟိုစပ်စပ် ဒီစပ်စပ် ကစားတတ်ရုံနဲ့တော့ ပရိုမဖြစ်နိုင်ပါဘူး။ ကိုယ်တကယ် ဂျွတ်မယ့် ဂိမ်းတစ်ခုကို အရင်ဆုံး ရွေးချယ်ဖို့ ဆုံးဖြတ်ထားပါ။
(၂) လေ့ကျင့်မှုက အဓိက
Photo: Unsplash
ဒါက အရေးကြီးဆုံး အပိုင်းထဲမှာ ပါပါတယ်။ ကိုယ့်ဘာသာ ဘယ်လောက်ပဲ ကျွမ်းပါတယ်ပြောပြော အလေ့အကျင့် အထုံ မရှိရင် ပြီးပြည့်စုံမှု ရှိမှာ မဟုတ်ပါဘူး။ အသင်းလိုက် ကစားရတဲ့ ဂိမ်းမှာ ပရို ဖြစ်အောင် လုပ်မယ်ဆိုရင်လည်း ကိုယ့်အဖွဲ့နဲ့ လက်တွဲပြီး အမြဲလက်ရည်သွေးနေဖို့ လိုပါတယ်။
(၃) အချိန်စီမံတတ်ပါစေ
Photo: Unsplash
ပရိုဂိမ်မာ ဖြစ်ဖို့ဆိုတာ ဒီနေ့ကစား နောက်တစ်နေ့ ချန်ပီယံ ဖြစ်လာတဲ့ အရာမဟုတ်ပါဘူး။ အချိန်တွေ အများကြီး ပေးရပါတယ်။ တစ်ဖက်မှာလည်း ဝမ်းရေးအတွက် အလုပ်လုပ်နေရတယ်ဆိုရင် အလုပ်ချိန်နဲ့ ကိုယ့်ရဲ့ လေ့ကျင့်မှုအကြား Time Balance ညှိတတ်ဖို့ အရေးကြီးပါတယ်။
အလုပ်မှာ လုပ်စရာတွေ အာရုံစိုက်ဖို့နဲ့ ကိုယ့်ရဲ့ ဂိမ်းလက်ရည်လေ့ကျင့်နေချိန်မှာ ဂိမ်းကစားမှုပေါ် စိတ်နှစ်ဖို့ လိုပါတယ်။
(၄) လေ့လာနေပါ
Photo: Unsplash
ဘယ်နယ်ပယ်မှာဆို အောင်မြင်ချင်ရင် စဉ်ဆက်မပြတ်လေ့လာဖို့ လိုပါတယ်။ ကိုယ့်ထက် တော်တဲ့ ထက်တဲ့ သူတွေ ၊ ကိုယ်သွားမယ့် နယ်ပယ်ထဲမှာ အောင်မြင်မှု သရဖူဆောင်းနေသူတွေဆီကနေ သင်နေဖို့က အရေးကြီးပါတယ်။ Pro တွေ ကစားသွားတဲ့ ပြိုင်ပွဲကြီးတွေကို ပြန်လေ့လာတာ ၊ သူတို့ကစားနေတဲ့ ရုပ်သံနဲ့ Live Streaming တွေ ကြည့်ပြီး အတုယူတာမျိုးလည်း လုပ်ဆောင်မယ်ဆိုရင် ပရိုဂိမ်မာတစ်ယောက် ဖြစ်ဖို့ ပိုပြီး နီးစပ်လာပါလိမ့်မယ်။
(၅) ပွဲတွေ ဝင်ပြိုင်ပါ
Photo: Unsplash
ကိုယ့်ရဲ့ အရည်အသွေးကို ချပြဖို့ ကွင်းဆင်းရမှာပါ။ ပရိုဂိမ်မာ ဖြစ်ချင်ရင် ကိုယ့်သွားမယ့် လမ်းကြောင်းကို သိဖို့ လိုပါတယ်။ ပြိုင်ပွဲတွေ ဝင်နွှဲသင့်ပါတယ်။ ကိုယ့်ရဲ့ ဂိမ်းအသိုင်းအဝိုင်းနဲ့လည်း အချိတ်အဆက် မပြတ်သင့်ပါဘူး။ ပြိုင်ပွဲတွေ ၊ အတွေ့အကြုံတွေနဲ့ လေ့လာလေ့ကျင့်မှုတွေဟာ သင့်ကို ပရိုဂိမ်မာအဆင့်ကို ဆွဲခေါ်သွားမယ့် လှေကားထစ်တွေဆိုတာ မမေ့သင့်ပါဘူး။