အသက် သုံးဆယ်ကျော်လာတာနဲ့ သင့်ခန္ဓာကိုယ်က ပြောင်းလဲမှုများကို စတင်ခံစားနေရပြီဆိုတာကို သင် သိပါသလား။ ဆယ်ကျော်သက်အရွယ်ကလို တဆိတ်ရှိချွေးအရမ်းထွက်ရာကနေ ချွေးထွက်နည်းလာမယ်။ ကြွက်သား ပမာဏ လျော့နည်းသွားမယ်။ ဒီအချက်တွေက အသက်သုံးဆယ်ကျော်လာပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
ဇရာကို ဘယ်သူမှ မလွန်ဆန်နိုင်တဲ့အတွက်ကြောင့် ဘယ်လိုအံ့သြဖို့ကောင်းတဲ့အရာတွေကို အသက်သုံးဆယ်ကျော်တဲ့အခါ ခံစားရမလဲဆိုတော့…
ဦးနှောက်အရွယ်အစား သေးသွားခြင်း

သင် အသက် သုံးဆယ်ပြည့်သွားပြီဆိုတာနဲ့ ဦးနှောက်ရဲ့အချို့အစိတ်အပိုင်းတွေက ကျုံ့သွားတတ်ပြီး တစ်ရက်ကို ခန်းမှန်းခြေအားဖြင့် အာရုံကြောဆဲလ် ၅၀၀၀ ခန့် ဆုံးရှုံးသွားတတ်ပါတယ်။ ထိုအချက်ကြောင့်ပဲ အသက်အရွယ်ကြီးရင့်လာတဲ့အခါ မှတ်ဉာဏ်စွမ်းအား ကျဆင်းလာရခြင်းပဲဖြစ်ပါတယ်။
အအေးမိဖျားနာနှုန်း နည်းပါးသွားခြင်း

နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိ ဖျားနာခြင်းတို့ကို ခံစားရတဲ့အရေအတွက် နည်းပါးသွားခြင်းက အသက် သုံးဆယ်ကျော်လာခြင်းရဲ့ ကောင်းကျိုးတစ်ခုလို့ပြောရမှာပါပဲ။
အရသာခံနိုင်စွမ်း ကျဆင်းသွားခြင်း

သင့်ရဲ့အရသာခံနိုင်စွမ်းက အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ထိုအချက်ကြောင့် အစား စားချင်စိတ်လည်း လျော့နည်းသွားပါလိမ့်မယ်။ လူအများစုကတော့ အသက် ခြောက်ဆယ်ကျော်တဲ့အခါ အရသာခံအဖုများကို ဆုံးရှုံးသွားတတ်ပါတယ်။
ဒါ့ကြောင့်ပဲ အသက်အရွယ်ကြီးရင့်သူများက အချိုဓာတ်ကဲလွန်းသောအစားအစာများ၊ အငန်ဓာတ်များသော အစားအစာများကို စားသုံးလာကြတာပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ သင့်ရဲ့အနံ့ခံစွမ်းရည်လည်း ကျဆင်းသွားပါလိမ့်မယ်။
ကြွက်သားများ ဆုံးရှုံးသွားခြင်း

အားကစား လိုက်စားသူများကတော့ မသိသာပေမယ့် လေ့ကျင့်ခန်း မလုပ်သူများကတော့ အသက်သုံးဆယ်ကျော်လာတာနဲ့ ကြွက်သားများ ဆုံးရှုံးသွားပြီး အရင်လို မသန်မာတော့ဘဲ အားနည်းသွားတတ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ခွန်အားနည်းသွားတာမျိုး မခံစားချင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်း လိုက်စားဖို့ လိုပါလိမ့်မယ်။
ပိုမိုပျော်ရွှင်လာခြင်း

နောက်ဆုံးပိတ် အိတ်နဲ့ လွယ် ဆိုသလို ဒီအချက်ကတော့ အသက် သုံးဆယ်ကျော်လာခြင်းရဲ့ကောင်းကျိုးပဲဖြစ်ပါတယ်။ သုတေသနပညာရှင်များရဲ့ ပြောကြားချက်အရ အသက် သုံးဆယ်ကျော်လာတာနဲ့အမျှ မိမိရဲ့ဘဝကို ကျေနပ်တင်းတိမ်ရောင့်ရဲစိတ်များလာပြီး ပိုမိုပျော်ရွှင်လာတတ်ကြတယ်လို့ သိရှိရပါတယ်။ စိတ်ညစ်စရာများ နည်းပါးသွားပြီး အကောင်းမြင်စိတ် များလာခြင်းတို့ကို အသက်သုံးဆယ်ကျော်တဲ့အခါ ခံစားရတတ်ပါတယ်။
သင့်အနေနဲ့ အသက်ကြီးလာခြင်းရဲ့ ကောင်းကျိုးက ဘာများဖြစ်မယ်လို့ ထင်မိပါသလဲ။ သင့်အတွက် အသက်အရွယ်ရဲ့ဘယ်အစိတ်အပိုင်းက အပျော်ရွှင်ဆုံးလဲဆိုတာကို ကွန်မန့်ထဲမှာ ဝေမျှပေးခဲ့ပါဦး။
Photo Source: Freepik.com
Source: Brightside.me
