လူအများစုအတွက် အိပ်မက်ဆိုတာ ဒုက္ခနဲ့ကြုံလို့ မျက်လုံးနှစ်လုံးပွင့်သွားနဲ့ အားလုံး ပြီးဆုံးသွားတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘဝမှာ ထိပ်တန်းရောက်အောင်မြင်သွားသူတွေကတော့ သူတို့အိပ်မက်ကို ဘယ်လိုအခြေအနေနဲ့ ကြုံကြုံ နောက်မဆုတ်တမ်း အကောင်းဆုံးပုံဖော်ခဲ့သူတွေ ဖြစ်ပါတယ်။

“ဘဝဆိုတာ သတ္တိပြောင်တဲ့ စွန့်စားခန်းတစ်ခုမှ မဟုတ်ရင် အလကားပဲ”လို့ ဟယ်လင်ကဲလားက ပြောဖူးပါတယ်။ တကယ်လို့ သင့်မှာ ထက်ထက်သန်သန် ဖြစ်မြောက်အောင်မြင်ချင်တဲ့ အိပ်မက်တစ်ခုရှိနေမယ်ဆိုရင် အဲဒီအိပ်မက်တယ်ဖြစ်လာဖို့ ဒါတွေ လုပ်နေမိတာကနေ ရပ်တန့်ဖို့ အကြံပေးချင်ပါတယ်။

(၁) အရည်မရအဖတ်မရလူတွေရဲ့ အသံနားထောင်မိတာ ရပ်

Photo: Freepik

သင့်ရဲ့ ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတစ်ခုကို ပြောမိတဲ့အခါတိုင်း ငါသိပါတယ်ကွာ ဆိုတဲ့လူတွေနဲ့ ကြုံရနိုင်ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ ကိုယ်စိတ်ကူးလေးတွေဟာ အဲ့ဒီလူတွေရဲ့ ဝေဖန်ထင်မြင်ချက်တွေထဲမှာ အပိုင်းပိုင်းအတစ်တစ်နဲ့ ပုံပန်းပါ ပျက်သွားနိုင်ပါတယ်။ အကောင်းဆုံးက ကိုယ်သွားမယ့်လမ်းနဲ့ အကိုက်ညီဆုံး ၊ အတွေ့အကြုံရင့်သူတွေရဲ့ အကြံနဲ့ လမ်းညွှန်မှု ယူတာပဲ ဖြစ်ပါတယ်။

(၂) ချမပြဖြစ်တာ ရပ်

Photo: Freepik

အိပ်မက်တွေကို ခေါင်းထဲမှာ သိမ်းထားရင် ဘယ်တော့မှ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူး။ အိပ်မက်တွေ တကယ်ဖြစ်ဖို့ ပထမအဆင့်ဟာ အိပ်မက်တွေကို တကယ်စပြီး ချပြဖို့ပါပဲ။ နောက်တစ်ဆင့်ကတော့ အကောင်းဆုံးလို့ ကိုယ်လက်ခံထားတဲ့ ဆုံးဖြတ်ချက်တွေ ချပြီး အကောင်အထည်စဖော်ဖို့ပါပဲ။

(၃) တွေဝေနေတာ ရပ်

Photo: Freepik

ဆုံးဖြတ်ချက်ပြတ်သားခိုင်မာမှုမရှိရင် ကိုယ်ဘယ်သူလဲ ၊ ဘာလုပ်ချင်သလဲ ၊ ဘယ်ကို သွားချင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို သံသယဖြစ်နေတာ ရပ်ပါ။ အဲ့ဒီသံသယက သင့်ရဲ့ ရှေ့ကို လှမ်းခုန်မယ့်အဟုန်ကို နှေးကွေးပျောက်ဆုံးသွားစေနိုင်လို့ ဖြစ်ပါတယ်။

(၄) ရှုံးမှာကြောက်တာ ရပ်

Photo: Freepik

သင့်အိပ်မက်က အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ သင်ထင်သလို အောင်မြင်ချင်မှလည်း အောင်မြင်မှာပါ။ ဒါပေမယ့် မအောင်မြင်လို့ ရှုံးနိမ့်သွားရင် ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ ဘယ်လို ကြီးကျယ်တဲ့ပုဂ္ဂိုလ်မဆို ရှုံးနိမ့်ဖူးတာပါပဲ။ အောင်မြင်ချင်ရင် ရှုံးမှာ မကြောက်ပါနဲ့။

(၅) လက်လျှော့တာ ရပ်

Photo: Freepik

ရှုံးနိမ့်တာတွေ များလာရင် ဒါမှမဟုတ် အောင်မြင်ဖို့ သိပ်ကြာလာရင် ဆက်မကြိုးစားချင် ဖြစ်လာနိုင်ပါတယ်။ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်တယ် ဆိုတာဟာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ လောကဓံနဲ့ အပြိုင် ထိုးသတ်နေတဲ့ လက်ဝှေ့သမားတစ်ယောက်လိုပါပဲ။ လဲကျသွားတဲ့အခါတွေလည်း ခဏခဏ ၊ အမှတ်စဉ်ရေခံရတာတွေလည်း ရှိနိုင်ပါတယ်။ အောင်မြင်ဖို့အတွက်ဆိုရင် ဘာပဲဖြစ်ဖြစ် အရှုံးမပေးစတမ်း လက်သီးဝင့်ပြီး ကုန်းထဖို့က ကိုယ့်အလုပ်ပဲ ဖြစ်ပါတယ်။