မနက်စောစောပြုလုပ်သင့်တဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေထဲမှာ ပြေးခြင်းဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုလျော့ကျစေနိုင်သလို အဆီကျလှပပြီး ကျန်းမာသန်းစွမ်းတဲ့ ခန္ဓာကိုယ်တစ်ခု ရရှိစေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အပြေးလေ့ကျင့်ခန်း စတင်ပြုလုပ်မယ်ဆိုရင် အောက်ဖော်ပြပါ အချက်(၅) ချက်ကိုတော့ သိထားဖို့လိုပါမယ်။

(၁) သက်သောင့်သက်သာရှိတဲ့ အဝတ်အစားရွေးချယ်ပါ

Source : YouWorkForThem

အပြေးလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပေးရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် သက်တောင့်သက်သာရှိစေတဲ့ အားကစားအင်္ကျီတွေကို ရွေးချယ်ဝတ်သင့်ပါတယ်။ အားကစားဝတ်စုံဆိုရာမှာလည်း အရမ်းကြီးကျပ်လွန်းတဲ့ ဘော်ဒီ Fit အဝတ်အစားမျိုးတွေကို ရှောင်ကျဉ်ပြီး လေဝင်လေထွက်ကောင်းမွန်တဲ့ အင်္ကျီမျိုးတွေကို ရွေးချယ်ဝတ်ဆင်သင့်တာဖြစ်ပါတယ်။ အဓိကကတော့ အရမ်းကိုမကျပ်၊ အရမ်းလည်းမချောင်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အဆင်ပြေမယ့် အာကစားဝတ်စုံမျိုးကို ရွေးချယ်ပေးသင့်ပါတယ်။

(၂) အပြေးဖိနပ် ကောင်းကောင်းသုံးပါ

Source : sandtonchronicle.co.za

ကိုယ်ရဲ့အပြေးလေ့ကျင့်ခန်းက ကောက်ရိုးမီးမဟုတ်ဘဲ နေ့စဉ်ပုံမှန်ပြုလုပ်မယ့်လေ့ကျင့်ခန်းဆိုရင်တော့ Running Shoes ကောင်းကောင်းတစ်ရံလောက် ဝယ်ထားသင့်ပါတယ်။ အပြေး လေ့ကျင့်ခန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကလည်း ဖိနပ်ဖြစ်နေတာကြောင့် သင့်အနေနဲ့ ရေရှည်ကိုကြည့်ပြီး အရည်အသွေးကောင်းမွန်တဲ့ Running Shoes အမျိုးအစားကိုသာ တစ်ခါတည်းရွေးချယ်ဝယ်ယူ ထားသင့်ပါတယ်။ အပြေးလေ့ကျင့်ခန်းနဲ့သင့်တော်တဲ့ Running Shoes အသုံးပြုမှလည်း လေ့ကျင့်ခန်းလုပ်ရမှာသက်တောင့်သက်သာရှိပြီး ခရီးတွင်စေမှာဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်းမစတင်မှီ အကြော့လျော့ပါ

Source : wiseGEEK

ဘယ်အားကစားနည်းမဆို လေ့ကျင့်ခန်းစတင်မှီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ရသလို ခန္ဓာကိုယ်ရဲ့ အကြောတွေကိုလည်း ဖြေလျော့ပေးရပါတယ်။ သွေးပူလေ့ကျင့်ခန်းတွေ ၊ အကြောလျော့တာတွေမလုပ်ဘဲ ချက်ချင်းလေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုရင် တင်းမာနေတဲ့ ကြွက်သားတွေကို ရုတ်တရက်လှုပ်ရှားလိုက်သလိုဖြစ်ပြီး ကြွက်သားနာကျင်တာမျိုးဖြစ်စေနိုင်သလို  နှလုံးခုန်နှုန်းဟာလည်း ရုတ်တရက် မြန်လာစေတဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်အပြေးလေ့ကျင့်ခန်းမတင်မှီ (၁၀) မိနစ်ခန့် သွေးပူလေ့ကျင့်ခန်းနဲ့ အကြော့လျော့ခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။

(၄) သတ်မှတ်နှုန်းထက် ပိုပြေးခြင်းကို ရှောင်ပါ

Source : Shutterstock

ကိုယ်အနေနဲ့ တစ်နေ့ကို ဘယ်လောက်ကီလိုမီဒီတာအထိ ပြေးမယ်ဆိုတာကို သေချာဆန်းစစ်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတ်မှတ်ထားရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ တစ်ပတ်လောက်အရင်ဆုံးလေကျင့်ပြီးမှ အကွာအဝေးကို ထပ်တိုးသင့်ရင်တိုးနိုင်သလို လျော့ရင်လျော့နိုင်ပါတယ်။ မနေ့က နားလိုက်လို့ ဒီနေ့နှစ်ဆပိုပြေးမယ်ဆိုတာမျိုး လုံးဝမလုပ်ပါနဲ့။ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းပဲ ပျက်ရက်မရှိ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သင့်တာဖြစ်ပါတယ်။

(၅) ရေဓာတ် ပြန်လည်ဖြည့်တင်းပါ

Source : videoblocks.com

အပြေးလေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ကနေ ချွေးနဲ့ ရေဓာတ်ပမာဏတော်တော်များများ ကုန်ခမ်းသွားပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးရေဓာတ်ပြန်လည် ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီး ရေဓာတ်ပြန်လည်မဖြည့်တင်းပေးဖူးဆိုရင် သင့်အနေနဲ့ မူးမော်တာ၊ ပျို့အန်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပြေးလေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာတော့ သင့်တင့်တဲ့ရေဓာတ်ပမာဏကို ခန္ဓာကိုယ်အတွက်ပြန်လည်ဖြည့်တင်းပေးပါ။