ဘဝဆိုတာ လုပ်စရာကိစ္စတွေ တသီကြီးနဲ့ ပြီးဆုံးတယ် မထင်ရတဲ့ ခရီးရှည်ကြီးတစ်ခုပါ။ အခုကိုပဲ ကိုယ့်ရဲ့ To-Do List ကို ကြည့်လိုက်ပါ။ ကိုယ့်မှာ အခုလုပ်နေတာအပြင် ဘာတွေ လုပ်ဖို့ ရှိသေးလဲ ဆိုတာ အများကြီး တွေ့ရပါလိမ့်မယ်။

ဒီလိုများပြားလှတဲ့ လုပ်စရာအလုပ်တွေနဲ့ လုပ်ချင်တဲ့ အလုပ်တွေအကြားမှာ ပိတ်လှောင်နေကြရင်းနဲ့ ပန်းတိုင်ပျောက်တဲ့သူတွေလည်း အများကြီး ရှိမှာပါ။ ဒါကြောင့် နေ့စဉ်ပန်းတိုင်ဆီ အရောက်သွားရာမှာ ရှောင်သင့်တဲ့အကျင့်တစ်ချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) လုပ်စရာအများကြီး စုပြုံလုပ်ခြင်း

Photo: Freepik

လုပ်စရာတွေ ပိနေလို့ ယောက်ယက်ခတ် ဗျာများနေသူတွေကို တွေ့ဖူးမှာပါ။ သူတို့ကို ကြည့်လိုက်ရင် နှုတ်ဆက်စကားလေး ပြောဖို့တောင် အချိန်မရလောက်အောင် အလုပ်များနေသလိုမျိုး ။ ဒါပေမယ့် သူတို့အလုပ်ရဲ့ ရလဒ်ကို သွားကြည့်တော့ ဘာမှမယ်မယ်ရရ ပြစရာမရှိတာမျိုး တွေ့ရမှာပါ။ ဒါဟာ သူတို့အလုပ်မလုပ်လို့ မဟုတ်ဘဲ အကုန်လုံးကို တစ်ခါတည်း လုပ်ချလိုက်လို့ ဖြစ်ပါတယ်။အလုပ်လုပ်ရာမှာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးစေဖို့ အရေးကြီးတဲ့ အချက်က တစ်ချိန်မှာ တစ်ခုပဲ အာရုံစိုက်ပြီး လုပ်ဖို့ပါပဲ။ တစ်ချိန်မှာ အရာတစ်ခုကိုပဲ အာရုံစိုက်ထားနိုင်ခြင်းဟာ အလုပ်မှာ တော်တဲ့သူ ၊ ထုတ်လုပ်မှုအားကောင်းတဲ့သူ ဖြစ်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။

(၂) ကြုံသလို ဖြေရှင်းခြင်း

Photo: ShutterStock

အောင်မြင်မှု အခိုင်အမာရထားတဲ့သူတွေဟာ အရာရာကို ကြိုစဉ်းစားထားသူတွေ ဖြစ်ပါတယ်။ နောင်ခါလာ နောင်ဈေးဆိုပြီး လွှတ်ချမထားပါဘူး။ သူတို့ ပြင်ဆင်နိုင်တဲ့ အရာကို မနားတမ်း ကြိုတင်ပြင်ဆင်တယ်။ နေ့တိုင်း လေ့ကျင့်ပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ စွမ်းဆောင်မှုဟာ အပြစ်အနာအဆာ မရှိ ဖြစ်နေတာပါ။ ဒါကြောင့် အောင်မြင်ချင်ရင် ကြိုတင်ပြင်ဆင်လေ့ကျင့်တဲ့ အကျင့် မွေးဖို့လိုပါတယ်။

(၃) ကိုယ့်အတွက် အားလပ်ချိန် မထားခြင်း

Photo: medicalnewstoday

အောင်မြင်တဲ့သူတွေဟာ နေ့ရောညပါ မအိပ်မနေ အလုပ်ကြိုးစားကြတယ်လို့ တရားသေမှတ်ကြတာ ရှိပါတယ်။ ဒီအချက်က နားလည်မှု လွဲနေတဲ့ အချက် ဖြစ်ပါတယ်။ ဖန်တီးမှု ရှိတဲ့သူတွေနဲ့ ဆန်းသစ်တီထွင်သူတွေဟာ အသစ်အသစ်တွေ ဖော်ထုတ်ဖို့ အားလပ်တဲ့ အချိန်ပိုလေးတွေ မကြာခဏဆိုသလို ယူလေ့ရှိပါတယ်။စိတ်ဖြေလျှော့ပြီး နားဖို့အတွက် အချိန်ယူလိုက်ခြင်းဖြင့် သူတို့ ကြုံနေတဲ့ အတားအဆီးတွေကို ရုပ်လုံးဖော်နိုင်ပြီး ဒါတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ မြင်နိုင်သွားပါတယ်။ ဒီတော့ စိတ်ကြည်လင် လန်းဆန်းဖို့နဲ့ ဖန်တီးမှု ရှိစေဖို့ ကိုယ့်ကိုယ်ကို Break လုပ်ပေးဖို့ လိုပါတယ်။ ဒါဟာ ရေရှည်အောင်မြင်ရေးအတွက် နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။

(၄) နေ့လည်စာ မစားခြင်း

Photo: Freepik

အပေါ်က အချက်လိုပါပဲ။ စားဖို့ နားဖို့အတွက်တောင် အချိန်မရှိအောင် အလုပ်များခြင်းကလည်း ပန်းတိုင်ဆီ သွားရာမှာ အခက်ကြုံစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အောင်မြင်ဖို့အတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာရပါမယ်။ ဘဝကို အောင်မြင်သူတစ်ယောက်အဖြစ် ဖြတ်သန်းဖို့အတွက် ကျန်းမာနေဖို့ အရေးကြီးတယ်လို့ သိထားရပါမယ်။ ကျန်းမာအောင် စား ၊ ကျန်းမာအောင် လှုပ်ရှားမှသာ အောင်မြင်မှုအရသာကို ကောင်းကောင်းခံစားနိုင်မှာပါ။

(၅) အသေးအဖွဲကအစ အကုန်စီမံမှု လုပ်ခြင်း

Photo: Pexels

အရာရာကို အကောင်းဆုံး အပြည့်စုံဆုံးဖြစ်ရမယ်ဆိုတဲ့ Perfectionist တွေရဲ့ ပြဿနာတစ်ခုက Micromanagement လို့ခေါ်တဲ့ ကိစ္စသေးသေးလေးတွေကိုပါ လိုက်ပြီး စီမံခန့်ခွဲမှု လုပ်ခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်ခြားသူတွေလည်း အလွယ်တကူ လုပ်နိုင်တဲ့ အရာတွေအတွက်နဲ့ အချိန်ကုန်ခံတာဟာ တမင်သက်သက် အချိန်နဲ့ စွမ်းအားကုန်ခမ်းအောင် လုပ်နေသလိုပါပဲ။Micromanaging သမားတွေဟာ နေရာတကာ သူပါမှ ပြီးတယ် ထင်တတ်ပြီး တစ်ခြားသူတွေရဲ့ လုပ်ရပ်ကို ဘယ်တော့မှ အားရကျေနပ်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ဦးဆောင်ရေးသမားဟာ ငယ်သားတွေကို ထိုက်သင့်သလို တာဝန်ခွဲပေးနိုင်သူ ဖြစ်ပြီး ကိုယ်ပါဝင်ရမယ့်ကဏ္ဍကို အသေအချာ သိသူတွေ ဖြစ်ပါတယ်။