အခုမျှဝေပေးချင်တဲ့ ဗဟုသုဆိုင်ရာအကြောင်းအရာလေးတွေဟာ အသက် (၂၀) ဝန်းကျင်လူငယ်တွေအတွက် အဓိကရည်ရွယ်ပေမယ့် အသက် (၃၅) ကျော်သွားပြီဖြစ်တဲ့ ကွီးတို့အတွက်လည်း နောက်မကျသေးပါဘူး။ လူတစ်ယောက်ဟာ အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာတာနဲ့ အမျှရင့်ကျက်သင့်သလောက် ရင့်ကျက်ရမှာဖြစ်ပြီး ဘဝအတွက်အရေးပါတဲ့အရာတွေကို ဦးစားပေးလုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်။

ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေအနေနဲ့ အသက် (၃၅) ကျော်လာတာနဲ့ မဖြစ်မနေပြုလုပ်သင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ပြင်ဆင်ပါ

Source : Career Alley

မြန်မာနိုင်ငံမှာ အသက် (၁၆) ကနေ (၃၅) အထိကို လူငယ်လို့ သတ်မှတ်ထားပြီး (၃၅) နှစ်ကို ကျော်လာတဲ့အခါ ဘဝရဲ့ ဒုတိယမြောက်အရွယ်ကို စတင်ခြေလှမ်းလိုက်ပြီဖြစ်တဲ့အတွက် အခြေခိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုခုတော့ စတင်သင့်ပြီလို့ထင်ပါတယ်။ ငယ်ရွယ်တက်ကြွတဲ့အချိန်မှာ ဝန်ထမ်းဘဝနဲ့ ရသလောက်ပညာတွေ အသိပညာ အတတ်ပညာတွေကို လေ့လာဆည်းပူးထားမှသာ လူလတ်ပိုင်းအရွယ်ရောက်လာချိန်မှာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်နိုင်တဲ့ အရည်အချင်းပြည့်ဝသူတစ်ယောက်ဖြစ်နေမှာဖြစ်ပါတယ်။

(၂) အသောက်အစားလျော့ပါ

Source : istockphoto.com

အသက် (၃၅) နှစ်ကျော်လာတဲ့ အမျိုးသားတွေအနေနဲ့ အသောက်အစားလုံးဝမကင်းနိုင်ရင်တောင် ယခင်ကထက် သောက်တဲ့စားတဲ့ကိစ္စတွေကို လျော့သင့်ပြီဖြစ်ပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ဒါဟာဖြစ်သင့်တဲ့အရာတစ်ခုပါ။ စိတ်က သောက်နိုင်ပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုတော့ တစ်ချက်ငဲ့သင့်တာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ တစ်လကိုတစ်ကြိမ်လောက်ပဲ သောက်ဖို့အကြံပြုချင်ပါတယ်။

(၃) ကျန်းမာရေးကို အထူးဂရုစိုက်ပါ

Source : Healthy Life Insider

အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာတာနဲ့ အမျှ ကျန်းမာရေးဟာလည်း အရမ်းကိုအရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်လာပါတယ်။ ကျန်းမာနေမှလည်း ရှေ့ဆက်မယ့်နေရက်တွေမှာ စိတ်သွားတိုင်းကိုယ်ပါပြီး အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေမယ့် အရာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပြီး အစားအသောက်အနေအထိုင်ကအစ ဂရုစိုက်ဖို့လိုလာပြီပဲ ဖြစ်ပါတယ်။

(၄) ငွေကြေးဆိုင်ရာ စီမံခန့်ခွဲပါ

Source : US News Money – US News & World Report

ကိုယ်ရဲ့ တစ်လစာ ဝင်ငွေထွက်ငွေကို သေချာစာရင်းဇယားပြုလုပ်ဖို့ လိုလာပါပြီ။ ငွေကြေးပိုင်းဆိုင်ရာကို သေချာစီမံခန့်ခွဲလိုက်မယ်ဆိုရင် ကိုယ်ရဲ့အသုံးစရိတ်ကိုလည်း ကိုယ်တိုင်ပြန်လည်သုံးသပ်လာနိုင်မှာဖြစ်ပြီး မကုန်သင့်ဘဲကုန်ရတဲ့အရာတွေ လျော့နည်းလာကာ အရင်ကထက်ငွေကြေးစုဆောင်းမိ လာမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အကျိုးမရှိတဲ့အရာတွေအတွက် ငွေကုန်ခံတာမျိုးလျော့ပြီး စာအုပ်ဝယ်တာ ၊ ခရီးသွားတာ စတဲ့ ကိုယ်အတွက် အကျိုးရှိစေမယ့်အရာတွေအတွက်ပဲ သုံးဖို့အကြံပြုချင်ပါတယ်။

(၅) အားကစား တစ်ခုခုပြုလုပ်ပါ

Source : boldsky.com

အသက်ကြီးလာလေလေ အလုပ်ရဲ့ ဖိအားတွေ မိသာစုရဲ့ တာဝန်တွေ လူ့လောကရဲ့စိတ်ရှုပ်ထွေးစရာအရာတွေ ပိုမိုများပြားလာတဲ့အတွက် စိတ်လက်ပေါ့ပါးလန်းဆန်းကာ စိတ်ဖိစီးမှု လျော့ကျစေဖို့ အားကစားတစ်ခုခု မဖြစ်မနေပြုလုပ်သင့်တာဖြစ်ပါတယ်။ အားကစားလုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လျော့ကျစေသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်ကို ပုံမှန် ၁ နာရီလောက်ပဲ အချိန်ပေးပြီး အားကစားတစ်ခုခု ပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။