တက်တူး Tattoo ထိုးတယ်ဆိုတာ အ‌ရေပြားပေါ်မှာ ကိုယ့်ရဲ့ ခံယူချက်တစ်ခုကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ တက်တူးတွေဟာ လူတစ်ယောက်ရဲ့ ရပ်တည်ချက်နဲ့ စရိုက်ကို ဖော်ပြနိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးတယ်ဆိုတာ အင်္ကျီသစ်တစ်ထည် ဝယ်ဝတ်လိုက်တာ မဟုတ်ပါဘူး။ ဆေးမှင်ရည်စုတ်ထိုးတဲ့ ကိစ္စဆိုတာ အရှည်သဖြင့် စဉ်းစားပြီးမှ လုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံးအကြိမ် တက်တူးထိုးတော့မယ်ဆိုရင် အခုပြောမယ့်အချက်လေးတွေ မဖြစ်မနေ လိုက်နာဖို့ အကြံပေးချင်ပါတယ်။

(၁) နောင်တမရမယ့် ဒီဇိုင်းကို ရွေးပါ

Photo: Unsplash

တက်တူးတစ်ခုဟာ သေရာပါမယ့် အမှတ်အသားဖြစ်ပါတယ်။ ငယ်တုန်းရွယ်တုန်း ကိုယ့်ခန္ဓာပေါ်မှာ ထိုးထားတဲ့ တက်တူးဟာ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်အတွက် ရှက်စရာ စိတ်မကောင်းစရာ အမှတ်လက္ခဏာတစ်ခု ဖြစ်မယ်ဆိုရင် ဒီလို တက်တူးမျိုးကို ရှောင်ဖို့ အကြံပြုချင်ပါတယ်။

(၂) သေးသေးလေးက စပါ

Photo: Freepik

ပထမဆုံး ထိုးမယ့် တက်တူးကို ခပ်သေးသေးက စတာ ကောင်းပါတယ်။ တက်တူးအသေးတစ်ခုနဲ့ စတာဟာ နောက်ထပ် တက်တူးထပ်ထိုးချင်သလားဆိုတာ ကိုယ့်ဘာသာပြန်ဆန်းစစ်ဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ ပထမဆုံး တက်တူးကို အသေးနဲ့ စပြီး နောက်ပိုင်း တက်တူးအနုပညာကို သဘောကျသွားမှ တက်တူးအကြီးစားတွေ ထိုးဖို့ စဉ်းစားသင့်ပါတယ်။

(၃) တက်တူး Artist အ‌ရွေးမှန်ပါစေ

Photo: Unsplash

တက်တူးစပြီး ထိုးမယ်ဆိုရင် အရေးကြီးတာက ကိုယ့်စိတ်ကူးကို အကောင်းဆုံးပုံဖော်ပေးမယ့် တက်တူးဆရာကို ရှာဖို့ပါပဲ။ တွေ့ကရာ တက်တူးဆိုင် ဝင်ပြီး တက်တူးထိုးရင်တော့ ဖြစ်ကတက်ဆန်း တက်တူးတွေပဲ ရမှာပါ။ တက်တူးထိုးဖို့ ထိုင်ခုံပေါ် မရောက်ခင်မှာ တက်တူးဆရာကောင်းဆရာနဲ့ တွေ့ပြီး အေးအေးဆေး‌ဆေး အချိန်ယူဆွေးနွေးဖို့ကလည်း အ‌ရေးကြီးပါတယ်။

(၄) ကာလာ ၊ စတိုင်နဲ့ တက်တူးထိုးမယ့်နေရာ အကြောင်း လေ့လာထားပါ

Photo: Freepik

တက်တူးဆရာနဲ့ တိုင်ပင်ချိန်မှာ ကိုယ်သုံးချင်တဲ့ ကာလာနဲ့ အဲ့ဒီကာလာရဲ့ နောက်ဆက်တွဲ အကျိုးအပြစ်တွေပါ တိုင်ပင်သင့်ပါတယ်။ ကိုယ့်တက်တူးဟာ နောက်ပိုင်း ထိုးမယ့် တက်တူးတွေအတွက် နေရာယူထားတာမျိုး မဖြစ်အောင် ကြိုပြီး စဉ်းစားရမှာပါ။

(၅) တက်တူးကျန်းမာရေး ဂရုစိုက်ပါ

Photo: Unsplash

နောက်ဆုံးသိသင့်တာက တက်တူးထိုးပြီးနောက် သိထားသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအကြောင်း ဖြစ်ပါတယ်။ တက်တူးမထိုးခင်မှာလည်း ထိုးမယ့် အပ်မသန့်လို့ သွေးကနေ ကူးစက်တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် တက်တူးဆရာနဲ့ သေချာတိုင်ပင်ပါ။ တက်တူးထိုးပြီး ဖြစ်တတ်တဲ့ အရေပြားပြဿနာနဲ့ ကုထုံးတွေအကြောင်းနဲ့ တက်တူးအရောင်မပြောင်းအောင် ဂရုစိုက်ရမယ့် နည်းလမ်းတွေလည်း ကျွမ်းကျင်သူတွေဆီက အကြံဉာဏ် ကြိုတင်ရယူထားသင့်ပါတယ်။