လက်ရှိရာသီဥတု အခြေအနေကတော့ ပူဆဲပူမြဲပါပဲ။ တစ်ချို့ရက်တွေဆိုရင် နေမမြင်ရပါဘဲ ပူအိုက်လွန်းတဲ့ဒဏ်ကို ခံစားနေကြရတာဖြစ်ပါတယ်။ ဒီလိုပူပြင်းလှတဲ့ရာသီဥတုမှာ အဖြစ်များတဲ့ အရာတစ်ခုက မျက်နှာပေါ်မှာ အဖုအပိန့်တွေထွက်ခြင်း ၊အသားအရေ ခြောက်သွေ့ ပျက်စီးခြင်း ၊ ဝက်ခြံနဲ့ နေလောင်ဒဏ်တွေဖြစ်ခြင်း စတဲ့ အသားအရေပျက်စီးခြင်းပြဿနာတွေ အများဆုံးတွေ့ကြုံခံစားရတတ်ပါတယ်။ အခုလိုနွေရာသီမှာ အသားအရေပျက်စီးခြင်းပြဿနာတွေကို အကောင်းဆုံးထိန်းသိမ်းကာကွယ်ဖို့ အောက်ပါအချက်လေးတွေကို လိုက်နာကျင့်သုံးကြည့်ရအောင်။

(၁) ရေဓာတ်ဖြည့်ပါ

Source : ThoughtCo

အသားအရေခြောက်သွေ့ပျက်စီးမှုတွေကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ရေဓာတ်ဖြည့်ခြင်းဖြစ်ပါတယ်။ နေ့စဉ်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏကို သောက်သုံးပေးဖို့လိုပါတယ်။ ရေသောက်များခြင်းအားဖြင့် အသားအရေကို အကောင်းဆုံး အစိုဓာတ်ထိန်းပေးကာ အသားအရေနဲ့ပတ်သက်တဲ့ ပျက်စီးမှုပြဿနာတွေကို တွန်းလှန်ပေးပါလိမ့်မယ်။ ကြည်လင်လှပတဲ့ အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရေများများသောက်ပါ။

(၂) နေလောင်ဒဏ်ကာ ခရင်မ်လိမ်းပါ

Source : healthbuffet.com

ခရမ်းလွန်ရောင်ခြည်ဒဏ်ဟာ အဆိုးရွားဆုံးအသားအရေပျက်စီးစေတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်နှာပေါ်မှာ တင်းတိပ်နဲ့ ဝက်ခြံတွေဖြစ်စေနိုင်တဲ့အပြင် အရေပြားကင်ဆာကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲသွားလာရတဲ့သူတွေအနေနဲ့ နေလောင်ဒဏ်ကာခရင်မ်ကို မဖြစ်မနေလိမ်းပေးဖို့ အကြံပြုချင်ပါတယ်။

(၃) အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ပါ

Source : iStock

နေ့လည် (၁၁) နာရီကနေ ညနေ (၃) နာရီကြားက ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအချိန်တစ်ခုဖြစ်တာကြောင့် အဲ့ဒီအချိန်အတောအတွင်း တတ်နိုင်သလောက် အပြင်သွားခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း အင်္ကျီ လက်ရှည်၊ ထီး၊ ဦးထုပ်စတဲ့ ကာကွယ်ပစ္စည်းတွေယူသွားဖို့ မမေ့ပါနဲ့။

(၄) ဂျေးချွတ်သန့်စင်ပါ

Source : festa-de-casamento

နေစဉ်နဲ့အမျှ အသားအရေဟာ နေရောင်ခြည်ဒဏ်တွေအပြင် ဖုန်နဲ့ အညစ်အကြေးတွေ တိုက်ရိုက်ထိတွေ့နေရတာကြောင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုံပုံလာတက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဝက်ခြံတွေ အဖုအပိန့်တွေ တင်းတိပ်တွေ ဖြစ်ပေါ်လာပြီး အသားအရေးကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေပါတယ် ။ဒါကြောင့် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် ဂျေးချွတ်သန့်စင်ပေးဖို့ အကြံပြုချင်ပါတယ်။

(၅) Night ခရင်မ်လိမ်းပါ

Source : MensXP.com

တစ်နေ့လုံး နေပူထဲသွားလာလှုပ်ရှားခဲ့ရတဲ့အတွက် ညဘက်မှာ အသားအရေကို အကောင်းဆုံးပြန်လည် အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ နေလောင်ဒဏ်တွေကြောင့် မွဲခြောက်နေတဲ့ အသားအရေကို ပြန်လည်ကုစားဖို့ အစိုဓာတ်များများပါတဲ့ Night ခရင်မ်တွေ အသားအရေကို အေးမြလန်းဆန်းစေတဲ့ ရှားဇောင်းလက်ပတ်ခရင်မ် စတာမျိုးလိမ်းပြီး အိပ်ဖို့လိုအပ်ပါတယ်။