အားကျလောက်တဲ့ ဘဝတစ်ခုဆိုတာ လူတစ်ယောက်အနေနဲ့ ပင်ကိုယ်အစွမ်းအစကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်ပြီး ငြိမ်းအေးတဲ့ စိတ်နဲ့ အပူပင်ကင်းတဲ့ ဘဝကို ပြောတာ ဖြစ်ပါတယ်။ ဟန်ချက်မျှမျှ ကောင်းမွန်တဲ့ ဘဝတစ်ခုရဖို့ဟာ ခေတ်သစ်လူမှုပုံစံမှာ စံထားရမယ့် ဘဝဖြစ်ပြီး စိတ်ခံစားမှု ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအကြားမှာ မျှခြေတစ်ခုထားပြီး တည်ကြည်ငြိမ်သက်စွာ ထိန်းကျောင်းနိုင်တာ ဖြစ်ပါတယ်။ Well Balanced ဖြစ်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့်လည်း ဟန်ချက်မျှတတဲ့ ဘဝဖြစ်ချင်တယ်ဆိုရင် ဒီအချက်တွေက ကူညီနိုင်မှာပါ။
(၁) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Photo: Freepik
မကျန်းမာရင် ဘာကိုမှ ရအောင် မလုပ်နိုင်ဘူးဆိုတာ သိထားပြီး ကျန်းမာအောင် နေတာဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ၊ ပြုစုပျိုးထောင်နေတာ ဖြစ်ပါတယ်။ ကောင်းကောင်းအနားယူပြီး အာဟာရပြည့်ပြည့် စားတာ ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာဟာ ကိုယ့်ကိုယ်ကို စောင့်ရှောက်နေတာပါ။ နေ့တိုင်းမှာ ကိုယ့်စိတ်ကို ရွှင်မြူးကြည်သာပြီး ကျန်းမာဖျတ်လတ်စေမယ့် အလေ့အကျင့်ကောင်းတွေ လုပ်နေသင့်ပါတယ်။
လမ်းလျှောက်တာ ၊ အားကစားလုပ်တာ ဒါမှမဟုတ် သီချင်းနားထောင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း စာကောင်းပေကောင်းတွေ ဖတ်ရှုလေ့လာတာ ၊ တရားထိုင်ပြီး စိတ်အေးချမ်းအောင် လုပ်တာနဲ့ ကိုယ့်တိုးတက်ရေးအတွက် အချိန်ပေးတာကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်နေတာပါ။
(၂) ဘာကို ဦးစားပေးရမလဲ သိပါစေ

Photo: Freepik
ဟန်ချက်ညီခြင်းဆိုတာ အရေးမပါတဲ့ အရှုပ်တွေကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် မလုပ်တာလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးတွေကို မေးခွန်းထုတ်ပါ။ ကိုယ့်အတွက် ဘာက အရေးကြီးတာလဲ ဆုံးဖြတ်ပါ။ ကိုယ့်ကို ဘာတွေက တားဆီးချုပ်နှောင်ထားသလဲ မြင်အောင် ကြည့်ပါ။
အခုချိန်မှာ သင်ဟာ အသက်မွေးမှုဘဝ တည်ဆောက်နေတာ ဖြစ်မယ် ၊ ကျောင်းတက်နေတာလည်း ဖြစ်မယ် ဒါမှမဟုတ်ရင်လည်း မိသားစုဘဝတစ်ခု စတင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲလုပ်လုပ် သင့်ရဲ့ Focus နဲ့ စွမ်းအားတွေကို အာရုံပြုတတ်ဖို့က အရေးကြီးပါတယ်။
(၃) စုစည်းမှုရှိတဲ့ စိတ်ဓါတ်နဲ့ နေပါ

Photo: Freepik
ကိုယ့်ရဲ့ Mindset ကို ပြင်ဖို့ လိုပါတယ်။ သီတင်းပတ်တစ်ခု စတင်တိုင်း ဘာတွေ လုပ်ဖို့ လိုမလဲ ကိုယ့်ကိုယ်ကို သုံးသပ်ပါ။ ဘာတွေ ပြင်ရမလဲ။ လုပ်စရာရှိရင်ရော ဘာတွေ လုပ်ရမလဲ။ အစီအစဉ်တကျ ရှိဖို့ လိုပါတယ်။ သင့်ခေါင်းထဲမှာ အစီအစဉ်တွေ ရှိနေရင် အာရုံစိုက်ဖို့ ပိုလွယ်ပါတယ်။
အာရုံပိုစိုက်နိုင်ရင် သင့်ကိုယ်သင်အတွက်ရော သင့်မိသားစုအတွက်ပါ အချိန်ပိုပေးနိုင်သလို သင့်ရဲ့ စိတ်နဲ့ ကိုယ်လည်း အနားပိုရနိုင်ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ အချိန်ပိုပေးနိုင်သူဟာ စိတ်ခွန်အားကို ဘက်ထရီအားဖြည့်သလို ဖြည့်လိုက်ရာ ရောက်ပြီး ရေရှည်မှာ ပိုပြီး ထိေရာက်အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၄) မထင်ထားတာတွေ မျှော်လင့်ထားပါ

Photo: Freepik
ဘဝဆိုတာ မယုံနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အခြေအနေအားလုံးကို ကိုယ်မထိန်းချုပ်နိုင်တာ လက်ခံထားပါ။ လောကမှာ ကြုံလာမယ့် အရာတိုင်းကို ကိုယ့်လက်နဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါတွေကို လက်ခံဖို့ လိုပါတယ်။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ စိတ်ဓါတ်မကျဖို့က အရေးကြီးဆုံး စိတ်အထာပါပဲ။
(၅) အပြုသဘောဆောင်တဲ့ အမြင်ကို မွေးယူပါ

Photo: Freepik
တစ်နေ့တာကို အကောင်းဆုံးလုပ်ရပ် ၊ အဖြောင့်ဆုံး စိတ်ထားနဲ့ အမှန်ဆုံး အပြောနဲ့ လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ စတင်ပါ။ တစ်ခါတစ်လေမှာ စီစဉ်ထားသလို ဖြစ်မလာတတ်ပေမယ့် တစ်နေ့ထက်တစ်နေ့ ပိုကောင်းတဲ့ ဘဝကို ရအောင် ပုံဖော်ဖို့ပဲ စိတ်ညွှတ်ထားဖို့ လိုပါတယ်။ အမှားတွေကနေ သင်ယူကြပြီး ပိုကောင်းတဲ့ ဘဝခရီးကို ဆက်တာဟာ ပိုပြီး ပျော်ရွှင်ရတဲ့ မျှတကြည်နူးစရာဘဝတစ်ခုကို မလွဲမသွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
