ရည်မှန်းချက်ပန်းတိုင် မရှိရင် ဘဝဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ဒီဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာနဲ့ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ကို ဘယ်လို ဖန်တီးတည်ဆောက်ရမလဲဆိုတာကို နားလည်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒီဆောင်းပါးမှာတောင့် ဘဝကို လွှမ်းမိုးစေတဲ့ ပန်းတိုင်တွေကို ထားတော့မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ပန်းတိုင်တွေ ချသင့်သလဲဆိုတဲ့အပေါ် အကြံပြုချက်တချို့ ဝေမျှသွားမှာ ဖြစ်ပါတယ်။

(၁) ဘဝတစ်ခုလုံးစာပန်းတိုင်တွေ ချမှတ်ပါ

Photo: Freepik

အရင်ဆုံး ကိုယ့်တစ်ဘဝလုံးစာ ရည်မှန်းထားတဲ့ပန်းတိုင်ကဘာလဲဆိုတာ သိအောင် လုပ်ပါ။ သဘောက ဘဝနဲ့ချီပြီး ပုံစံကားချပ်အကြီးကြီးကို စိတ်မျက်လုံးထဲမှာ မြင်အောင် ကြည့်ဖို့ ဖြစ်ပါတယ်။ ဘာကြောင့် ဒီပန်းတိုင်ထားတာလဲဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ပြန်ဖြေကြည့်ပါ။ ဥပမာ- အသက် ၅၀ မှာ လူချမ်းသာကြီးတစ်ယောက်ဖြစ်ဖို့ပန်းတိုင်ထားတယ် ဆိုပါစို့။ ဒီပန်းတိုင်မှာ မေးစရာက ချမ်းသာကြွယ်ဝဖို့ ဘယ်အလုပ်လုပ်ဖို့ စဉ်းစားထားသလဲ။ အဲ့အလုပ်လုပ်ဖို့ ကိုယ့်မှာ ဘာတွေလိုအပ်သလဲ။နောက်ပြီး ဘယ်လောက်ချမ်းသာချင်တာလဲ စသည်ဖြင့် ကိုယ့်ဘာသာ ပြန်ပြီး အမေးအဖြေလုပ်ကြည့်ဖို့ ဖြစ်ပါတယ်။

(၂) ပန်းတိုင်ငယ်လေးတွေ ထားရှိပါ

Photo: Freepik

အပေါ်မှာ ပြောခဲ့တဲ့ ဥပမာအတိုင်းဆိုရင် အသက် ၅၀ မှာ သူဌေးကြီးဖြစ်ဖို့ ဆိုတဲ့ ရည်မှန်းချက်ကြီး မရောက်ခင်မှာ ကာလအပိုင်းအခြားလိုက် အောင်မြင်မှုအကန့်လေးတွေနဲ့ အဲဒီအောင်မြင်မှုဆီ သွားမယ့် လမ်းကြောင်းတွေကို ချပြီး အကောင်အထည်ဖော်ရမှာပါ။ အောင်မြင်မှု အဆောက်အဦအတွက်တိုင်တစ်လုံးချင်းစီ ၊ အုတ်တစ်ချပ်ချင်းစီဟာ အောင်မြင်မှုဆီသွားနေတဲ့ ခြေလှမ်းလေးတွေ ပန်းတိုင်လေးတွေပဲ ဖြစ်ပါတယ်။ ပန်းတိုင်အကြီးကြီးဆီ မရောက်ခင် သွားရမယ့် ပန်းတိုင်ငယ်လေးတွေ အဆင့်ဆင့်ချမှတ်ပြီး အောင်မြင်အောင် ကြိုးစားပါ။

(၃) လမ်းကြောင်းမှန်ပါစေ

Photo: Freepik

ရည်မှန်းချက်ထားရှိပြီး အဲ့ဒီရည်မှန်းချက်ကို ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ကိုယ့်ရဲ့ပန်းတိုင်ဆီ သွားတဲ့ပုံစံနဲ့ ကိုယ်လုပ်ရပ်တွေကို ပြန်ပြီး Review လုပ်ပါ။ အခြေအနေ အချိန်အခါအရ ပြောင်းလဲစရာရှိတာကို ပြောင်းလဲပါ။ ဒါပေမယ့် ရည်မှန်းချက်တော့ မပျောက်စေဖို့ အမြဲခေါင်းထဲထားပါ။

(၄) ဦးစားပေးလုပ်စရာတွေ သတ်မှတ်ထားပါ

Photo: Freepik

ချမ်းသာဖို့က အဓိက ဆိုရင် ကိုယ့်ကို ချမ်းသာကြွယ်ဝလာစေနိုင်မယ့် လုပ်ငန်းမျိုး လုပ်ပါ။ ကိုယ့်ရဲ့ဦးစားပေးအလုပ်က ငွေရှာဖို့ပါ။ ငွေရဖို့အတွက် အလုပ်လုပ်တာအပြင် လိုအပ်တဲ့ ရင်းနှီးမြှပ်နှံမှု (ငွေကြေး ၊ အတတ်ပညာ ၊ အဆက်အသွယ် နဲ့ နည်းပညာသစ်တွေ) လုပ်ဆောင်ဖို့ ဦးစားပေးပါ။ ဘာကို ဦးစားပေးလုပ်ရမလဲဆိုတာကတော့ နယ်ပယ်အလိုက် စူးစမ်းရှာဖွေမှုတွေနဲ့ တတ်ကျွမ်းသူတွေကို ချဉ်းကပ်မေးမြန်းမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။

(၅) အဓိပ္ပါယ်ရှိတဲ့ပန်းတိုင်တွေ ချမှတ်ပါ

Photo: Freepik

လူတိုင်းဟာ ဘဝမှာ အကြီးကြီး ဖြစ်ချင်ကြတာပါ။ သူများ မလုပ်နိုင်တာ လုပ်ပြချင်တယ်။ ဘယ်သူနဲ့မှ မတူတဲ့ ရည်မှန်းချက်တွေ ထားချင်တယ်။ ဒါက သိပ်တော့ အဆင်မပြေပါဘူး။ လူတိုင်းက ပန်းချီကျော်တွေ ၊ ထိပ်တန်းမင်းသားနဲ့ အားကစားသမားတွေ ဖြစ်ချင်မှ ဖြစ်ပါမယ်။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှု ၊ ပင်ကိုယ်အရည်အသွေး နဲ့ ဝါသနာပြင်းပြတဲ့အပေါ် လိုက်ပြီး တကယ်ဖြစ်နိုင်တဲ့ လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ ဖြစ်ပါတယ်။