ကိုဗစ်ကာလမှာ လူတိုင်းလိုလို အိပ်ပျော်ရခက်တဲ့ ပြဿနာတွေကြုံတွေ့နေကြရပါတယ်။ အများစုကတော့ စိတ်ဖိစီးမှုတွေ ၊ ဖုန်းတွေ တီဗီတွေ ကဲ့သို့နည်းပညာပစ္စည်းတွေအသုံးများခြင်းကြောင့် ညဘက်မှာအိပ်ပျော်ရခက်ခဲတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒါ့ကြောင့် ဒီနေ့မှာတော့ ညဘက်တွေအိပ်မပျော်ဘူးဆိုတဲ့သူတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတစ်ချို့ကို လမ်းညွှန်ပေးချင်ပါတယ်။

(၁) ပုံမှန်အိပ်ချိန်သတ်မှတ်ပါ

Source : Top5

ပုံမှန်အားဖြင့် နေ့စဉ်ပုံမှန်အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို တိတိကျကျသတ်မှတ်ထားမယ်ဆိုရင် ညဘက်မှာပိုပြီး အိပ်ပျော်ရလွယ်ကူစေနိုင်ပါတယ်။ သင် သတ်မှတ်ထားတဲ့အိပ်ချိန်ရောက်တာနဲ့ မဖြစ်မနေအိပ်ရာဝင်ပေးပါ။ ဒီအလေ့အကျင့်ကိုတစ်ပတ်လောက် လေ့ကျင့်လိုက်ရုံနဲ့ ညတိုင်းလိုလို သတ်မှတ်ထားတဲ့အိပ်ချိန်ရောက်တိုင်း အိပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။

(၂) အိပ်ရာကိုပြင်ဆင်ပါ

Source : Dissolve

အိပ်ပျော်ရခက်ခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ အိပ်ရာအပြင်အဆင်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ကောင်းစွာအိပ်ပျော်စေချင်တယ်ဆိုရင်တော့ သင့်အိမ်ရာကို သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိဖို့လိုပါတယ်။ အိပ်ရာကြမ်းခင်း သို့ မွေ့ယာကအရမ်းမာနေရင်လည်း အိပ်ပျော်ရခက်စေပါတယ်။ ဒါ့ကြောင့် သင့်အိပ်ရာကို သက်တောင့်သက်သာနဲ့ အနံ့အသက်ကင်းစေဖို့ သေချာပြင်ဆင်ပါ။

(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

Source : Men’s Journal

နေ့စဉ်ပုံမှန်လမ်းလျောက်ခြင်း စက်ဘီးနင်းခြင်း ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ခြင်းတွေက စိတ်ဖိစီးမှုနဲ့ တင်းကျပ်ခြင်းတွေကိုပြေလျော့စေပြီး ကောင်းစွာအိပ်ပျော်စေမှာဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက အိပ်ရာဝင်ခါနီးအချိန်နဲ့ အနည်းဆုံး ၄ နာရီခြားပြီး လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အိပ်ရာဝင်ခါနီးမှလေ့ကျင့်ခန်းလုပ်ရင် သင့်ကိုနိုးကြားနေစေနိုင်လို့ပါ။

(၄) စိုးရိမ်ပူပန်မှုတွေကိုချရေးပါ

Source : Blogger Ghat

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေက သင့်ရဲ့အိပ်ရာဝင်ချိန်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်ခြင်းတွေကိုဖြစ်စေတဲ့ အကြောင်းအရာတွေကို စာအုပ်မှာချရေးလိုက်ပါ။ ဒီလိုလုပ်ခြင်းက အိပ်ရာဝင်ချိန်မှာ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်ခြင်းတွေနဲ့ပတ်သတ်တဲ့ အတွေးလွန်နေမိခြင်းကို တားဆီးပေးနိုင်မှာဖြစ်ပါတယ်။

(၅) ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ပါ

Source : Gezond.be

ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်က သင့်ကိုနိုးကြားနေစေနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း အိပ်ရာဝင်ခါနီး ဆေးလိပ်သောက်သုံးသူတွေဟာ အိပ်ပျော်ရခက်စေသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းမရှိပဲ မကြာခဏနိုးလာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီး ဆေးလိပ်သောက်ခြင်းကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်။