ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ဆိုးဆိုးရွားရွားပျက်စီးစေပြီး အရေပြားကင်ဆာဖြစ်စေတဲ့အထိ အန္တရာယ်အလွန်ကြီးပါတယ်။ Huntsman Cancer Institute (HCI) ရဲ့ သုတေသီတွေအဆိုအရ မနက်ခင်း ၁၀ နာရီကနေ ညနေ ၄ နာရီအထိက ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအချိန်ဖြစ်တာကြောင့် တက်နိုင်သလောက် ဒီအချိန်အတောအတွင်းအပြင်မထွက်ဖို့ အကြံပြုထားပါတယ်။ အကယ်၍ မဖြစ်မနေအပြင်ထွက်မယ်ဆိုရင်လည်း ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်မထိတွေ့စေဖို့ အောက်ပါအချက်လေးတွေကို အကြံပြုထားပါတယ်။

Source : MR PORTER
(၁) မျက်နှာကိုတိုက်ရိုက် နေရောင်ခြည်မထိစေဖို့ ဦးထုပ်မဖြစ်မနေဆောင်းသင့်ပါတယ်။ HCI ရဲ့အကြံပြုချက်အရ အနည်းဆုံး အကျယ် ၃ လက်ခခန့်ရှိတဲ့ ဦးထုပ်အဝိုင်းတွေက မျက်နှာနဲ့လည်ပင်း အရေပြားကိုနေရောင်ခြည်တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။
(၂) နောက်ထပ်အရေးကြီးတဲ့အချက်က မျက်လုံးကိုကာကွယ်ဖို့ပါ။ နေရောင်ခြည်က မျက်လုံးကိုထိခိုက်စေနိုင်တာကြောင့် နေပူထဲထွက်တော့မယ်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ နေကာမျက်နှာတပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
(၃) မဖြစ်မနေ နေပူထဲထွက်ရပြီဆိုရင်တောင် တက်နိုင်သလောက် အရိပ်ရစေမယ့် နေရာမျိုးတွေကသွားတာဟာ အကောင်းဆုံးကာကွယ်နည်းတစ်ခုလို့ ဆိုရမှာပါ။ နေရောင်ခြည်ဒဏ်ကောင်းကောင်းကာကွယ်ပေးနိုင်မယ့် ထီးကဲ့သို့ အကာကွယ်အသုံးအဆောင်တွေလည်း တစ်ပါတည်းယူဆောင်သွားသင့်ပါတယ်။

Source : istock
(၄) ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းက ပြင်းထန်တဲ့ နေရောင်တိုက်ရိုက်ထိတွေ့မယ်ဆိုရင် အရေပြားပျက်စီးခြင်း နှင့် အရေပြားကင်ဆာလို့ရောဂါတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့ဆိုရင် အပြင်မထွက်ခင်မှာ ခရမ်းလွန်ရောင် ခြည်ကာကွယ်ပေးနိုင်တဲ့ Sunscreen မျိုး လိမ်းသွားပေးဖို့လိုပါလိမ့်မယ်။ အနည်းဆုံး SPF 30 နဲ့အထက်ပါဝင်တဲ့ Sunscreen မျိုးရွေးချယ်ပါ။
(၅) နောက်ဆုံးအချက်အနေနဲ့ အဝတ်အစားဝတ်တဲ့အခါ အရေပြားကိုတက်နိုင်သလောက်နေမထိစေမယ့် အင်္ကျီလက်ရှည် ၊ ဘောင်းဘီရှည်ကို ဝတ်ဆင်ပေးပါ။ ချည်ထည်အဝတ်အစားတွေက သက်တောင့်သက်သာပိုရှိစေပြီး အပူဒဏ်ကိုလျော့ကျသက်သာစေမှာဖြစ်ပါတယ်။
