နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့သူတွေ တော်တော်များများဟာ မှားယွင်းတဲ့စားသောက်မှုပုံစံတွေနဲ့ပဲ ယဉ်ပါးနေကြတာများပါတယ်။ အလုပ်များလို့ အချိန်မရှိလို့ စိတ်အလိုလိုက်မိလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အစားစားချိန်မမှန်တာတွေ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအသောက်တွေကို လွန်လွန်ကဲကဲ စားမိလိုက်ကြပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ အချိန်တိုတွင်းမှာ မသိသာပေမယ့် တဖြေးဖြေးခန္ဓာကိုယ်ပေါ်မှာ ဆိုးရွားတဲ့အကျိုးရလဒ်တွေဖြစ်ပေါ်လာနိုင်တာကြောင့် အခုပြောပြမယ့် စားသောက်မှုပုံစံအမှားတွေ လုပ်မိနေရင်တော့ သင့်အနေနဲ့အချိန် မှီပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၁) မနက်စာ မစားခြင်း

Source : Daily Express

အလုပ်များတဲ့ လူတော်တော်များများမနက်စာစားဖို့ အချိန်မပေးနိုင်ကြပါဘူး။ တကယ်တော့ မနက်စာဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံးလို့ဆိုရမှာဖြစ်ပါတယ်။ မနက်စာကို အာဟာရပြည့်ဝတဲ့အစားအသောက်တွေ စားခြင်းအားဖြင့် ခန္ဓာကိုယ်မှာ တစ်နေ့လုံး စွမ်းအင်ပြည့်ဝနေပြီး တက်ကြွလန်းဆန်းနေမှာ ဖြစ်ပါတယ်။

မနက်စာ မစားတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေပြီး မှတ်ဥာဏ်စွမ်းရည်တွေကို ထိခိုက်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မနက်စာကို အချိန်ပေးပြီး ဖွယ်ဖွယ်ရာရာစားသုံးပေးသင့်ပါတယ်။

(၂) သရေစာ လွန်လွန်ကဲကဲစားခြင်း

Source : Seth Lui

အသင့်စားအစားအသောက်တွေဖြစ်တဲ့ Fast Food ၊ ခေါက်ဆွဲခြောက် ၊အားလူးကြော် နဲ့ အချိုရည်စတဲ့ သရေစာမုန့်တွေစားရတာကို တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ ဗိုက်ဆာတဲ့အချိန်တိုင်းမှာ အလွယ်တကူအသင့်စားလို့ရတဲ့အတွက် ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ဒီလိုအသင့်စား အစားအသောက်တွေကို အများအပြားဝယ်ထားတတ်ကြပါတယ်။

အချိန်တိုင်းလိုလို သရေစာမုန့်တွေ အလွန်အကဲစားမိနေတာဟာ သင့်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်လာစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်တာကြောင့် အတတ်နိုင်ဆုံး သရေစာမုန့်တွေစားခြင်းကို ရှောင်ကျဉ်တာမျိုး ၊ အများအပြားဝယ်ထားတာမျိုးတွေ ရှောင်ကျဉ်သင့်ပါတယ်။

(၃) ပျင်းတိုင်း စားနေမိခြင်း

Source : iStock

ပျင်းတယ်လို့ ခံစားမိတိုင်းအရင်ဆုံးတွေးမိတာ ဘာစာရင်ကောင်းမလဲဆိုတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။ အိမ်မှာထိုင်နေရင်း ပျင်းလာတဲ့အခါ ရေခဲသေတ္တာအရှေ့ကို အလိုလိုရောက် သွားတတ်ကြပြီး ဘာစားစရာများရှိလဲ ဆိုတဲ့မျှော်လင့်ချက်နဲ့ ရှာဖွေတတ်ကြတာဖြစ်ပါတယ်။

ဒီလိုမျိုးအချိန်အခါမဟုတ်  ကိုယ်ရဲ့စိတ်ခံစားချက်ပေါ်လိုက်ပြီး အစားစားခြင်းဟာလည်း သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်စေနိုင်သလို ကိုယ်အလေးချိန်လည်း အများကြီးတက်လာနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် စိတ်အလိုကိုလိုက်ပြီး ပျင်းတိုင်းစားနေမိတဲ့ အကျင့်ဆိုးတွေရှိနေရင်တော့ အမြန်ဆုံးဖယ်ရှားလိုက်ပါ။

(၄) အချိန်မှန်မှန် မစားခြင်း

Source : Healthline

လူတစ်ယောက်အတွက် အခြေခံအားဖြင့် မနက်စာနေလည်စာနဲ့ ညစာဆိုပြီး အစားစားချိန် သုံးနပ်ခွဲခြားထားပါတယ်။ သင့်အနေနဲ့ ဘယ်လောက်ပဲအလုပ်များနေပါစေဦးတော့ အဆိုပါ အစားစားချိန်သုံးနပ်ကိုတော့ အချိန်မှန်မှန်စားသုံးပေးသင့်ပါတယ်။

မနက်စာဆိုရင် အိပ်ယာထတဲ့အချိန်ကနေ နာရီဝက်အတွင်းစားသုံးနိုင်ပြီး မနက် (၁၀) နာရီထက်နောက်ကျပြီးတော့ မနက်စာ မစားသင့်ပါဘူး။ နေ့လည်စာဆိုရင်လည်း နေလည် (၁၁) နာရီကနေ နေလည် (၂) နာရီအတွင်း စားသုံးပေးသင့်တာဖြစ်ပြီး ညစာကိုတော့ညနေ (၅) နာရီကနေ (၈) နာရီအတွင်း စားသုံးပေးသင့်တာဖြစ်ပါတယ်။

(၅) ညအိပ်ခါနီး စားမိခြင်း

Source : NBC News

ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက်တော့ ညအိပ်ခါနီး အစားစားခြင်းဟာ လုံးဝကို ဆိုးရွားတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ ညဘက်အစားစားခြင်းဟာ ခန္ဓာကိုယ်မှာမကောင်းတဲ့အဆီပိုတွေစုလာပြီး သင့်ရဲ့ကိုယ်အလေးချိန်ကို အများကြီးပိုတက်လာစေနိုင်သလို အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ည ၈ နာရီနောက်ပိုင်းမှာ ထမင်းနဲ့ တခြားသောဗိုက်ပြည့်တင်းစေမယ့် အစားအစာတွေ လုံးဝမစားသင့်တော့ပါဘူး။ ဘယ်လိုမှမနေနိုင်အောင် ဗိုက်ဆာနေတယ်ဆိုရင်တော့ အဆီမပါခရက်ကာနဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ အနည်းငယ်ခန့် စားသုံးပေးလို့ရပါတယ်။