သင်နေ့စဉ်ပုံမှန်ပြုလုပ်နေကြ အရာထဲမှာ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေတဲ့အပြုအမူတွေ အများကြီးပါဝင်နေတယ်ဆိုတာ သတိထားမိပါသလား။ လူတစ်ယောက်အတွက် ကျန်းမာရေးဟာ စည်းစိမ်ဥစ္စာတွေထက် ပိုပြီးအဖိုးတန်လှတဲ့အရာတစ်ခုဖြစ်ပါတယ်။ လူကျန်းမာမှ စိတ်ချမ်းသာမှာဖြစ်သလို အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်လိုက်ပါ။

(၁) မနက်စာပုံမှန်မစားခြင်း

Source : Life Words

မြန်မာလူမျိုးအများစုဟာ နေလည်စာနဲ့ ညစာကို ဖွယ်ဖွယ်ရာရာစားသောက်တက်ကြပေမယ့် မနက်စာကိုတော့ လျစ်လျူရှု့တတ်ကြပါတယ်။ တကယ်တော့ မနက်စာဟာ လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးတဲ့ စားသောက်မှုပုံစံတစ်ခုဖြစ်ပါတယ်။ မနက်စာပုံမှန်မစားဘူးဆိုရင် မှတ်ဥာဏ်စွမ်းအားကျဆင်းခြင်း ၊ ကိုယ်အလေးချိန်တိုးလာခြင်း ၊ အားအင်းလျော့နည်းခြင်းစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် မနက်စာကို ပုံမှန်စားပေးဖို့လိုပါတယ်။

(၂) အရက်အလွန်အကျွံသောက်သုံးခြင်း


အရက်အလွန်အကျွံသောက်သုံးသူတွေဟာ ကိုယ်ရှိရင်းစွဲအသက်ထက် ၅ နှစ်နီးပါးခန့်ပိုပြီး ရုပ်ရင့်စေတယ်လို့ ဆေးပညာရှင်တွေကဆိုပါတယ်။ အရက်သောက်များခြင်းကြောင့် အဓိက အသည်းပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ခြေလက်များဖောရောင်ရောဂါ စတဲ့ရောဂါဆိုးတွေ အချိန်တိုအတွင်းစွဲကပ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်ပြီး တစ်ခွက်တစ်လေ ဆေးဝါးအဖြစ်သာမှီဝဲသင့်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

Source : Freepik

ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေဟာ ရောဂါဝင်ရောက်ဖို့ ပိုမို အားကောင်းတဲ့သူတွေဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိ အထိုင်များသူတွေဟာ ခန္ဓာကိုယ်ကြွက်သားများကို အလုပ်မပေးတာကြောင့် ကြွက်သားများအားနည်းလာပြီး လေဖြတ်ခြင်း၊ ကိုယ်အလေးချိန်များလာခြင်း၊ မကြာမဏဖျားနာခြင်းစတဲ့ရောဂါဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို (၄၅) မိနစ်ခန့်လောက် အချိန်ပေးပြီး ခန္ဓာကိုယ် ကြံခိုင်သန်မာဖို့ ပုံမှန်အားကစားနည်း တစ်ခုခုပြုလုပ်သင့်တာဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုများခြင်း

Source : Guy Counseling

စိတ်ဖိစီးမှုများခြင်းဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပျော်စရာအချိန်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ အချိန်ကြာလာတဲ့အခါ စိတ်ကျရောဂါများ ဖြစ်ပေါ်လာစေပြီး မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုများစေတဲ့အရာတွေကို ရှောင်ရှားသင့်ပါတယ်။ စိတ်ကို Relax ဖြစ်စေမယ့် တရားထိုင်ခြင်း၊ ယောဂကစားခြင်း၊ ရေကူးခြင်းစတာတွေ ပြုလုပ်ပေးသင့်ပါတယ်။

(၅) အိပ်ချိန်အလုံအလောက်မရှိခြင်း

Source : newsnetwork.mayoclinic.org

ယနေ့ခေတ် ဆိုရှယ်မီဒီယာတွေ အွန်လိုင်းဂိမ်းတွေ အသုံးများခြင်းကြောင့် လူဆယ်ယောက်မှာ ခုနှစ်ယောက်ဟာ အိပ်စက်ချိန် မမှန်တဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိပ်စက်ချိန် မမှန်တဲ့အခါ စိတ်ဖိစီးမှုများလာပြီး စိတ်ကြည်လင်လန်းဆန်းမှုမရှိကာ အားအင်ကုန်ခမ်းနွမ်းလျနေတတ်ပါတယ်။ ကိုယ်ခံအား လည်းကျဆင်းစေပြီး အာရုံစူးစိုက်မှုမှတ်ဥာဏ်စွမ်းရည်တွေပါ ကျဆင်းကာ မကြာခဏသတိမေ့တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်ကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။