ဆေးလိပ်ဖြတ်ခြင်းဟာ Career Development ပိုင်းအတွက် အကျိုးများတယ်လို့ ပြောရင် ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။ ဆေးလိပ်ဖြတ်တာကြောင့် ကျန်းမာရေးကောင်းကျိုးတွေ ရတဲ့ အကြောင်းပဲ ကျွန်တော်တို့ အပြောများတာကြောင့်လည်း ဖြစ်ပါတယ်။
ဆေးလိပ်မသောက်ဘဲ ရှောင်သူတွေ နဲ့ အလုပ်ခွင် တိုးတက်မှု ဖြစ်ခြင်းဟာ သွယ်ဝိုက်ပြီး ဆက်စပ်နေပါတယ်။ ဆေးလိပ်မသောက်တော့ဘဲ ရှောင်ကြဉ်လိုက်ခြင်းဟာ နည်းလမ်း ၅ မျိုးနဲ့ သင့်အလုပ်အကိုင်ပေါ် ကောင်းကျိုးပြုပါတယ်။
(၁) ကျန်းမာရေးပိုကောင်းလာမယ်
Photo: atheistalliance
ကျန်းမာတဲ့သူဟာ အလုပ်ပိုလုပ်နိုင်ပါတယ်။ တက်ကြွနိုးကြားမှုလည်း ရှိတာကြောင့် အလုပ်မှာ စွမ်းဆောင်ရည် ပိုကောင်းလာသလို လုပ်အားလည်း ပိုစိုက်ထုတ်နိုင်ပါလိမ့်မယ်။ဆေးလိပ်သောက်ခြင်းဟာ မောပန်းလွယ်ခြင်း ၊ ထိုင်းမှိုင်းခြင်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။
(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမြင့်လာမယ်
Photo: Pexels
ဆေးလိပ်သောက်သူဟာ အဝတ်အစားမှာ ဆေးလိပ်နံ့ စွဲတာအပြင် ခံတွင်းနံဆိုးတာ ၊ သွားတွေ ဝါညစ်ပြီး အသားတွေ ဖြူဖတ်ဖြူရော် ဖြစ်ကုန်တာကြောင့် ဥပဓိရုပ်လည်း ထိခိုက်စေသလို ကိုယ်ရည်ကိုယ်သွေးဆိုင်ရာမှာလည်း နိမ့်သွားတတ်ပါတယ်။ စိတ်ပညာသဘောအရလည်း ကိုယ်နံ့ဆိုးတာ ၊ ဥပဓိရုပ်မကောင်းတာကြောင့် ရုံးမှာ ကိုယ်နဲ့ နီးနီးကပ်ကပ် စကားမပြောချင်ဘဲ ခပ်ရှောင်ရှောင်လုပ်သူတွေနဲ့ ကြုံနိုင်ပါတယ်။
ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်လေးစား တန်ဖိုးထားမှု လျော့လာစေနိုင်ပြီး အလုပ်မှာ အထီးကျန်တာ ၊ စိတ်လေတာမျိုး ကြုံလာနိုင်ပါတယ်။
(၃) စံပြဖြစ်လာမယ်
Photo: Freepik
ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက လုပ်တဲ့ လေ့လာမှုအရ ဆေးလိပ်သောက်သူ ၇၀% ဟာ ဆေးလိပ်ဖြတ်ချင်ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းဟာ ဆေးလိပ်သောက်ခြင်းကို မကောင်းမှုတစ်ခုလို လက်ခံထားပြီး ဆေးလိပ်ရှောင်သူကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါကြောင့် ဆေးလိပ်ရှောင်ခြင်းအားဖြင့် ပိုပြီး လေးစားခံရသူ ဖြစ်လာနိုင်ပါတယ်။
(၄) အာရုံစိုက်မှု ပိုကောင်းလာမယ်
Photo: Pexels
နီကိုတင်းကို စပြီး စုပ်ယူချိန်မှာ အာရုံစိုက်မှုအား တက်လာတယ်လို့ ခံစားရလေ့ ရှိပါတယ်။ ဒါကလည်း နီကိုတင်းရဲ့ လှုံ့ဆော်မှုကြောင့် ယာယီဖြစ်လာတဲ့ ခံစားမှုပဲ ဖြစ်ပြီး နီကိုတင်းမရှိတာနဲ့ စိတ်ရှုပ်ထွေးမှုက မြန်မြန်ဆန်ဆန်ပဲ စတင်လာပါတယ်။ တစ်နည်းအားဖြင့် နီကိုတင်းနဲ့ ကျင့်သားရနေသူဟာ ဆေးလိပ်မသောက်တာနဲ့ စိတ်က အာရုံထွေပြားပြီး စုစည်းလို့ ရမှာ မဟုတ်တော့ပါဘူး။ ဒါဆို အလုပ်မှာလည်း ဘယ်လိုမှ အာရုံစိုက်လို့ ရနိုင်မှာ မဟုတ်တော့ပါဘူး။
(၅) စိတ်ရှုပ်ထွေးမှုနဲ့ ဖိအားတွေ လျော့နည်းလာမယ်
Photo: Pexels
ဆေးလိပ်သောက်တာနဲ့ စိတ်ဖိစီးမှုများခြင်းဟာ ဆက်စပ်နေပါတယ်။ ဆေးလိပ်စွဲသူတွေဟာ ဦးနှောက်အတွင်း ဒိုဖာမိန်းလို့ ခေါ်တဲ့ စိတ်ခံစားမှုကို မြှင့်ပေးတဲ့ ဓါတ် အလွန်အကျွံ စီးဆင်းမှု ကြုံရတတ်ပါတယ်။ ဒိုဖာမိန်းများခြင်းဟာ ပုံမှန်အခြေအနေ ပြန်ရောက်ချိန်မှာ ဒေါသထွက်ခြင်း ၊ စိတ်ဖိစီးခြင်းဆိုတဲ့ ဆိုးကျိုးတွေ ကြုံစေပါတယ်။
စိတ်တိုစိတ်ဆတ်လွယ်ပြီး ပြဿနာတွေကို အလွယ်တကူ ဖြစ်ပွားစေနိုင်ပြီး လူမှုဆက်ဆံရေးပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ လူမှုပုံစံနဲ့ အလုပ်ခွင် တိုးတက်ရေးကို ရှေးရှုတဲ့ သူတွေဟာ ဆေးလိပ်ကို ရှောင်ကြဉ်သင့်ပါတယ်။