ဘဝကြီးက အမြဲတမ်း ပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းနေတာမျိုးမဟုတ်ပါဘူး။ အနိမ့်အမြင့် အတက်အကျတွေနဲ့ ကောင်းတစ်လှည့် ဆိုးတစ်လှည့်ဖြစ်ပေါ်နေတာပါ။ ကောင်းတဲ့အရာတွေနဲ့ ကြုံတွေ့နေရချိန်မှာ ပျော်ရွှင်နေပြီး အညံ့တွေနဲ့ ကြုံနေရချိန်မှာတော့ စိတ်ညစ်ရတတ်ပါတယ်။
စိတ်ညစ်စရာရှိ စိတ်ညစ်ရတယ်ဆိုပေမယ့် အချိန်အကြာကြီး စိတ်ညစ်ပြီး ပူဆွေးသောကရောက်နေတယ်ဆိုရင်တော့ စိတ်ကျရောဂါ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်ကျချိန် စိတ်ညစ်ချိန်မှာ ပြန်လည်ပျော်ရွှင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးချင်ပါတယ်။
ဟာသရုပ်ရှင်ကား ကြည့်ပါ
Photo Source: Adobestock.com
ရယ်မောခြင်းသည် စိတ်ညစ်နေရသူအတွက် အကောင်းဆုံးဆေးဝါးတစ်လက်ပါ။ ရယ်မောခြင်းသည် စိတ်ညစ်စရာများကို အပြင်သို့ လွှင့်ပစ်နိုင်ပြီး စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာဖို့အတွက် Endorphins ဓာတ်များ ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင် သုတေသနလေ့လာချက်များအရ ရယ်မောခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် နောက်တစ်ခါ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဟာသကားများ ကြည့်ရင်း ရယ်မောလိုက်ပါ။
အပြင်ထွက်ပါ
Photo Source: Freepik.com
သုတေသနလေ့လာချက်များအရ စိတ်အပြောင်းအလဲ၊ အတက်အကျဖြစ်ပေါ်ခြင်းသည် ဗီတာမင်ဒီဓာတ်နှင့် ဆက်နွယ်နေတယ်လို့ တွေ့ရှိရပါတယ်။ ခန ္ဓာကိုယ်ထဲတွင် ဗီတာမင်ဒီဓာတ် ချို့တဲ့ပါက စိတ်ဓာတ်ကျလွယ်တတ်ပါတယ်။ ဒါ့ကြောင့် မနက်ခင်း နေရောင်ခြည်ထဲတွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နေပူဆာလှုံ့ပါ။ လမ်းထွက်လျှောက်ကြည့်လိုက်ပါ။ တစ်ပတ်လျှင် နှစ်ရက်၊ သုံးရက်ခန့် လမ်းထွက်လျှောက်သင့်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဦးနှောက်ထံမှ Endorphins ဓာတ်များ ထုတ်လွှတ်အောင် ကူညီပေးပြီး စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းသည် မိမိကိုယ်ကို ယုံကြည်မှုတိုးလာအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။
ရင်ဖွင့်ပါ
Photo Source: Epilepsy.com
ဘာ့ကြောင့် စိတ်ညစ်ရသလဲဆိုတာကို အဖြေရှာကြည့်ဖို့လိုတဲ့အတွက်ကြောင့် မိမိတစ်ယောက်တည်း မခံစားနိုင်တော့တဲ့အခါ ယုံကြည်ရသူတစ်ယောက်ယောက်ထံ ရင်ဖွင့်ကြည့်လိုက်ပါ။ ထိုသူကနေတဆင့် အကြံဉာဏ်ကောင်းများ ရယူနိုင်ပြီး သင့်ရဲ့ပြဿနာများအတွက် အဖြေကို ရရှိနိုင်ပါတယ်။
ပိုက်ဆံကိုပဲ သည်းကြီးမည်းကြီး မရှာပါနဲ့
Photo Source: Freepik.com
လက်ထဲမှာ ပိုက်ဆံအများကြီးရှိရင် ဘယ်လောက်ပျော်ရွှင်ရမလဲဆိုပြီး စိတ်ကူးယဉ်မိတဲ့အချိန်တွေ လူတိုင်းမှာ ရှိဖူးပါလိမ့်မယ်။ ပိုက်ဆံရှိရင် ဘာမဆိုလုပ်နိုင်ပြီး ပျော်ရွှင်ခြင်းကို ဆောင်ကျဉ်းပေးနိုင်တယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ပိုက်ဆံများများရှိလေ ပိုပြီး စိတ်ဖိစီးမှု များလေပါပဲ။ ပိုက်ဆံနောက်ကိုပဲ တကောက်ကောက်လိုက်ရင်း ကိုယ့်ရဲ့စိတ် ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင်ရင်လည်း အလကားပါပဲ။
Source: Realbuzz.com