မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသည် မိမိသွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းတဲ့နေရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ အောင်မြင်နေတဲ့လူတိုင်းကို ကြည့်လိုက်ပါ။ သူတို့မှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိနေတာကို အထင်းသားတွေ့မြင်ရပါတယ်။

သင့်အနေနဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကင်းမဲ့နေမယ်ဆိုရင် တစ်ပန်းရှုံးပြီး မိမိအရောက်လှမ်းချင်တဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းဖို့ အဟန့်အတားဖြစ်စေပါတယ်။

ဒါဆိုရင် မိမိကိုယ်ကို ယုံကြည်ချက်ရှိအောင် ဘယ်လိုတည်ဆောက်ယူရမလဲ။

မိမိရဲ့တိုးတက်မှုကို လေ့လာပါ

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတဲ့ တစ်နေ့တာ တိုးတက်နှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ မနေ့က ဘယ်လောက်ထိ တိုးတက်သလဲ။ ဒီနေ့မှာရော ဘယ်လောက်ရာခိုင်နှုန်းခန့် တိုးတက်လာလဲဆိုတာကို စောင့်ကြည့်ပြီး စာအုပ်လေးထဲ ချမှတ်ထားပါ။ မိမိရဲ့တိုးတက်မှုကို မျက်ဝါးထင်ထင်မြင်လာသည်နှင့်တစ်ပြိုင်နက် မိမိကိုယ်ကို ယုံကြည်ချက်ရှိလာပြီး ရည်မှန်းချက်များ ပြည့်မြောက်လာပါလိမ့်မယ်။

အကြောက်တရားကို ဖယ်ရှားလိုက်ပါ

ကျရှုံးခြင်းက သင့်ရဲ့ရန်သူမဟုတ်ပါဘူး။ သင့်ရဲ့တကယ့်ရန်သူက ကျရှုံးမှာကို ကြောက်ရွံ့နေတာပါ။ ထိုအကြောက်တရားကြောင့် မိမိကိုယ်ကို ယုံကြည်ချက်ကင်းမဲ့လာမယ်။ သံသယဝင်လာပါလိမ့်မယ်။ “ငါ လုပ်မှ လုပ်နိုင်ပါ့မလား” ဆိုပြီး ချီတုံချတုံဖြစ်ကာ ကြောက်ရွံ့နေခြင်းကြောင့် အခွင့်အရေးအမြောက်အမြား ဆုံးရှုံးသွားနိုင်ပါတယ်။

ရေရှည်ကို စဉ်းစားပါ

သင် မပျော်ရွှင်ရခြင်းရဲ့အကြောင်းအရင်းကတော့ လျှပ်တပြက်အတွင်း စိတ်အလိုလိုက်ကာ ချလိုက်မိတဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိချင်တယ်ဆိုရင် ရေတိုကို မစဉ်းစားဘဲ ရေရှည်ကို ကြည့်ပါ။

ဥပမာ – ဝိတ်ချနေသူတစ်ယောက်က တခဏတာ စိတ်အလိုလိုက်ပြီး ဆီကြော်စာတွေချည်းပဲ စားလို့ မဖြစ်သလို ပိုက်ဆံစုချင်သူတစ်ယောက်ကလည်း Online Shopping က ပစ္စည်းတွေချည်းပဲ ထိုင်မှာနေလို့မရပါဘူး။ ရည်မှန်းချက်ကြီးလေ ပေးဆပ်မှုကြီးလေ အဆုံးသတ်မှာ ရရှိလာမယ့် ပျော်ရွှင်မှုကလည်း ပိုမိုကြီးမားလေပါပဲ။ ဒါ့ကြောင့် ရေတိုပျော်ရွှင်မှုအတွက် စိတ်အလိုမလိုက်ဘဲ မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ထားလိုက်ပါ။

အခြားသူများရဲ့အတွေးအမြင်ကို ဂရုမဟိုက်ပါနဲ့

သင့်ရည်မှန်းချက်ပန်းတိုင်က မဖြစ်နိုင်ပါဘူးလေဆိုပြီး သင့်ကို ထိုးနှက်မယ့်သူတွေ သင့်ပတ်ဝန်းကျင်မှာ တစ်ပုံကြီးရှိပါတယ်။ ထိုကဲ့သို့သော အဆိုးမြင်ဝါဒီသမားတွေ သင့်ပတ်ဝန်းကျင်မှာ ပြည့်နှက်နေမယ်ဆိုရင်တော့ သေချာပါတယ်။ တဖြည်းဖြည်းနဲ့ သင့်ကိုယ်သင် ယုံကြည်မှု ကင်းမဲ့လာပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ဘာပြောပြော နားမထောင်ပါနဲ့။ ဂရုမစိုက်ပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေပါ။

အချိန်မဆွဲပါနဲ့

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသည် မိမိရဲ့အလုပ်ပြီးမြောက်နိုင်စွမ်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ လုပ်စရာရှိတဲ့ အလုပ်မှန်သမျှကို အချိန်မဆွဲပဲ ဂရုတစိုက်လုပ်ပါ။ ပြီးမြောက်သွားတဲ့ အလုပ်တွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို တော်တဲ့လူတစ်ယောက်အဖြစ် ဂုဏ်ယူလာနိုင်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှုတွေ တည်ဆောက်လာနိုင်ပါလိမ့်မယ်။

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပါတယ်။ အခုဖော်ပြပေးသွားတဲ့ နည်းလမ်းတွေကို နေ့စဉ်မှန်မှန် ကျင့်သုံးမယ်ဆိုရင်တော့ သင့်အတွက် အောင်မြင်မှုက လက်တစ်ကမ်းအလိုမှာရှိတယ်ဆိုတာ ယုံကြည်လိုက်ပါ။

Photo Source: Freepik.com

Source: Forbes.com