တစ်နှစ်တစ်နှစ် ရှာသမျှငွေက ဒုံးရင်းက ဒုံးရင်းပဲဆိုရင် ဘယ်လိုမှ တွက်ခြေမကိုက်ဘူးလို့ ဆိုကြပါတယ်။ ကုန်ဈေးနှုန်းတွေနဲ့ အဘက်ဘက်က လူနေမှုစရိတ်တွေ တက်လာနေတဲ့ခေတ်ထဲမှာ ကိုယ်ရှာနိုင်သမျှ ဝင်ငွေကို အရင်ကထက် ပိုရအောင် ဘယ်သူမဆို စဉ်းစားကြံဆနေကြမှာပါပဲ။
ငွေ ၁၀၀ ကနေ ၂၀၀ ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ Policy Bazaar ဝက်ဘ်ဆိုက်က ဖော်ပြတဲ့ နှစ်ဆတိုး ငွေဝင်တဲ့နည်းလမ်းတချို့ကို ပြန်မျှဝေလိုက်ပါတယ်။

(၁) Mutual Funds

Dollar

Photo: Unsplash

Mutual Funds ဆိုတာ ရှင်းရှင်းပြောရရင် လူအများဆီက ရှယ်ယာသဘောမျိုး ပိုက်ဆံဝေပုံကျစုပြီး စတော့ခ် ရှယ်ယာ ၊ ငွေတိုက်စာချုပ်နဲ့ ရေတိုချေးငွေယူတာလိုမျိုး ငွေကြေးသက်သေခံမှု လုပ်လိုက်တာပါ။ ဒီငွေနဲ့ စီးပွားရှာပြီး ကုမ္ပဏီထောင်တဲ့ လုပ်ငန်းတွေလည်း အများကြီး ရှိပါတယ်။ Mutual Funds တွေက ပုံစံမျိုးစုံရှိပါတယ်။ ကျွန်တော်တို့ဆီမှာ တွေ့ရများတဲ့ Mutual Funds က စိတ်တူကိုယ်တူ အပေါင်းအသင်းတွေ ပေါင်းပြီး ငွေစုတာမျိုးပါ။
ရင်းနှီးမြှပ်နှံမှုသဘောအရ စွန့်စားရတာတွေ ၊ နိုင်ငံရပ်ခြားမှာတော့ ELSS လို့ခေါ်တဲ့ ငွေစုအစီအစဉ်နဲ့ချိတ်ပြီး ရှယ်ယာတွေ ဝယ်တာမျိုး လုပ်ကြပါတယ်။ ရေရှည် Mutual Funds တွေက တစ်နှစ်ကို ရင်းထားတာရဲ့ ၁၂% နဲ့ ၁၅% ကြား ရလေ့ရှိပြီး ပုံမှန်အားဖြင့် ၅ နှစ် ၆ နှစ်လောက် စုကြတတ်ပါတယ်။

(၂) Corporate Bonds

Hand Shake

Photo: Unsplash

ဘဏ်မှာ ငွေစုတာက တစ်နှစ်လုံး အတိုးမှ မက်လောက်စရာ မရဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဘဏ်မှာ ငွေစုတာက ခိုင်မာမှုရှိတယ်။ ရေရှည်အတွက် အကျိုးရှိတယ် ။ Risk မရှိဘဲ ပုံမှန်အတိုးလေးတွေ ရတယ်ဆိုတဲ့ အားသာချက်တွေ ရှိတာကြောင့် ဘဏ်မှာ ငွေစုကြသူတွေ အများကြီးပါပဲ။ ဘဏ်မှာ ငွေစုမယ်စဉ်းစားထားရင် ရိုးရိုးစုတာက အစိုးရငွေတိုက်စာချုပ်လိုမျိုး Bonds တွေ ဝယ်စုတာက ၆ လတစ်ဖြတ် အတိုးပုံစံနဲ့ ပြန်ထုတ်ပေးလို့ ငွေပြန်ထုတ်ရ ပိုလွယ်ကူပေါ့ပါးပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ ဒီလိုမျိုး ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းကြပါတယ်။

(၃) စတော့ခ်ဈေးကွက်

Stock Share Price

Photo: Unsplash

Stock ကစားတဲ့ ပညာကျင်လည်ရင်လည်း သင့်ဝင်ငွေကို ဆတိုး,တက်အောင် လုပ်နိုင်ပါတယ်။ ဒီပညာရပ်က စနစ်တကျ သင်ယူထားရင် ရေရှည်တည်တံ့တဲ့ စီးပွားရေးအဖြစ် ပုံဖော်နိုင်ပါတယ်။ နောက်တစ်ချက်ကလည်း ဈေးကွက်ဆိုတာ လည်ပတ်နေသရွေ့ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ စတော့ရှယ်ယာအရောင်းအဝယ်ကစားတာတွေ ရှိစမြဲပါ။ စတော့ခ် ဈေးကွက်ပိုင်း ရင်းနှီးမြှပ်နှံမှုဟာ သင့်ကို ချမ်းသာကြွယ်ဝတဲ့အဖြစ်အထိ ရောက်စေနိုင်ပါတယ်။ အခုနောက်ပိုင်းဆို Cryptocurrency လိုမျိုး ဒီဂျစ်တယ်ငွေကြေးပုံစံသစ်တွေပါ ပေါ်ပေါက်နေပြီ ဖြစ်လို့ စတော့နဲ့ Fin-Tech ဘက်မှာ အတွေ့အကြုံရှိသူဟာ ရေရှည်အတွက် အခွင့်အလမ်းကောင်းတစ်ခုပေါ် တက်ထိုင်ထားသလို ဖြစ်နေမှာပါ။

(၄) Gold ETF

Gold

Photo: Unsplash

ရွှေကစားတာလို့ မြန်မာလို အလွယ်ပြောနိုင်မယ် ထင်ပါတယ်။ စတော့အိတ်ချိန်းပေါ်မှာ ရှယ်ယာအရောင်းအဝယ်လုပ်သလိုပါပဲ။ ရွှေဈေးအတက်အကျ ဝယ်ရောင်းလုပ်တာ ဖြစ်ပါတယ်။ ရွှေလောကသားတွေရဲ့ နယ်ပယ်တစ်ခုဖြစ်ပြီး အခုနောက်ပိုင်း ပြည်တွင်းမှာလည်း ရွှေကို ဝယ်/ရောင်းလုပ်ပြီး ကစားတာကလည်း တစ်နေ့ထက်တစ်နေ့ မယုံနိုင်အောင် ထိုးတက်နေတဲ့ ရွှေဈေးနဲ့ဆို အခွင့်အလမ်းပိုများပါတယ်။

(၅) အိမ်ခြံမြေ

Door Key

Photo:Unsplash

အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းကလည်း ဝင်ငွေကို ဆတိုးတက်စေတဲ့ နယ်ပယ်တစ်ခုပါ။ ကမ္ဘာကျော် သူဌေးကြီးတွေထဲမှာလည်း အိမ်ခြံမြေအရောင်းအဝယ်နဲ့ ချမ်းသာကြွယ်ဝလာသူတွေ အများကြီးရှိပါတယ်။ သူတို့အတွေ့အကြုံကို ကြည့်လိုက်ရင် အားရစရာပါပဲ။ အမျှော်အမြင်ရှိရှိ ဝယ်ထားတဲ့ မြေတစ်ကွက်ဟာ ၄-၅ နှစ်အတွင်းမှာလည်း နှစ်ဆ/သုံးဆ အထိ တန်ကြေးတက်လာနိုင်လို့ ဖြစ်ပါတယ်။

မြေဝယ်တဲ့ကိစ္စကလည်း မလွယ်ပါဘူး။ မြေမှာ နှစ်ရှည်အမျှော်နဲ့ မြှပ်နှံမယ်ဆိုရင် တည်နေရာ ၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးလာနိုင်မှု ၊ နောင်တစ်ချိန် ပေါ်ပေါက်လာနိုင်တဲ့ စီမံကိန်းနဲ့ အခွင့်အလမ်းတွေ စတာတွေလည်း ထည့်တွက်ရတာကြောင့် ပညာရပ်ဆန်ဆန် လေ့လာပြီးမှ မြှပ်နှံတာ အကောင်းဆုံးပါပဲ။

Featured Photo: cuinsight