စမတ်ဖုန်းတွေ မျက်လုံးနဲ့မခွာစတမ်း သုံးနေမိတဲ့အခုခေတ်မှာ မျက်စိအမြင်အာရုံ ထိခိုက်လာတာလည်း မဆန်းတော့ပါဘူး။ မျက်လုံးကို အလုပ်အများဆုံးပေးတာဟာ ရေရှည်မှာ ဆိုးရွားတဲ့ပြဿနာကို လက်ယပ်ခေါ်နေတာပဲ ဖြစ်ပါတယ်။ သင့်မျက်လုံးကို ကြင်နာပါ။ မျက်လုံးတွေမှာ အပိုပစ္စည်းမပါတာကြောင့် တန်ဖိုးထားပါ။ ဂရုစိုက်ပေးပါ။ အခုပြောမယ့် မျက်စိအမြင်စွမ်းအား တိုးတက်စေမယ့်နည်းလမ်းလေးတွေလည်း လိုက်နာပေးပါ။

(၁) လက်ဖဝါးကုထုံး သုံးပါ

Photo: Better Eye Sight Now

လက်ဖဝါးနဲ့ သင့်မျက်လုံးစွမ်းအားကို တိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပေးလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းက လုပ်ရတာ သိပ်လွယ်ပါတယ်။ လွယ်ကူသလောက် စာကြည့်များသလောက် မျက်ရိုးနာတာနဲ့ အမြင်စွမ်းအား ပိုတိုးတက်စေပါတယ်။ ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် လက်ဖဝါးနှစ်ဖက်ကို ပူတက်လာအောင် ပွတ်ပေးပါ။ ပြီးရင် မျက်လုံးပေါ် အဲ့ဒီလက်ဖဝါးနှစ်ဖက်ကို စက္ကန့်အနည်းငယ်ကြာအောင် အုပ်ပေးပါ။ ၅ ကြိမ်ကနေ ၇ ကြိမ် လုပ်ပေးကြည့်ပါ။ သိသိသာသာ သက်သာသွားပါလိမ့်မယ်။

(၂) မျက်လုံး လှည့်ပေးပါ

Photo: factspedia

ဒီလေ့ကျင့်ခန်းကလည်း အချိန်နေရာမရွေး လုပ်လို့ရတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လက်ယာရစ်ပုံစံနဲ့ အရပ်မျက်နှာတစ်ခွင်လုံးနှံ့အောင် တစ်ပတ်ပတ်လိုက်ပါ။ ပြီးရင် ခဏအနားယူပြီး နာရီလက်တံပြောင်းပြန်ပုံစံ ပြန်လှည့်ပေးပါ။ ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်လုပ်ကြည့်ပေးပါ။

(၃) အာရုံစူးစိုက်မှု ပြန်ပြောင်းပါ

Photo: Freepik

Refocus လုပ်တဲ့ပုံစံက လက်တော့ပ်ဆက်တိုက်သုံးတဲ့သူတွေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာသုံးရင်းနဲ့ ခဏအနားပေးပါ။ Screen ရှေ့ကနေ ခွာပြီး အဝေးက တစ်ခြားအရာဝတ္ထုတွေကို စိုက်ကြည့်ပါ။ ကိုယ့်လက်ဖဝါးကို ကြည့် ပြီးရင် အဝေးက အရာဝတ္ထုကို ပြန်အာရုံစိုက်လိုက်ပါ။ ငါးကြိမ်လောက် လုပ်လိုက်ရင် မျက်စိညောင်းတာ သိသိသာသာ သက်သာပြီး အာရုံစိုက်လို့ ပိုကောင်းသွားတာ တွေ့ရပါလိမ့်မယ်။

(၄) မျက်တောင်ခတ်ပါ

Photo: Healthline

မျက်တောင်ခတ်တယ်ဆိုတာ သဘာဝတန်ပြန်လှုပ်ရှားမှုပါပဲ။ မျက်တောင်ခတ်တဲ့ လေ့ကျင့်ခန်းမှာတော့ ကိုယ့်ရှေ့က နံရံအလွတ်ကြီးကို ကြည့်ပြီး လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ အရင်ဆုံး မျက်လုံးကို နှစ်စက္ကန့်ပိတ်ထားပြီး ပြန်ဖွင့် ပါ။ ၅ စက္ကန့်ကြာအောင် မျက်တောင် မြန်မြန်ခတ်ပါ။ ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်ကနေ ၇ ကြိမ် ဆက်တိုက်လေ့ကျင့်ပေးဖို့ လိုပါတယ်။

(၅) ၂၀-၂၀-၂၀ စည်းကမ်း လိုက်နာပါ

Photo: juststand

ဒီနည်းလေးကလည်း ရိုးရှင်းပြီး အလွန်အသုံးတည့်ပါတယ်။ ကွန်ပျူတာရှေ့မှာ ထိုင်နေရင်းနဲ့ ကြာလာရင် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးက အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာအောင် ကြည့်တာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းလေးတွေအပြင် အမြင်အာရုံထက်သန်စေမယ့် အစားအစာလေးတွေ စားပေးပါ။ ဓါတ်တိုးဆန့်ကျင်မြင့်တဲ့ အစိမ်းရင့်ရောင် အရွက်တွေ ၊ ကြက်ဥအနှစ် ၊ အဝါရောင် ငရုတ်ပွ ၊ ကန်စွန်းဥ ၊ မုန်လာဥနီ နဲ့ ဖရုံသီးတို့ စားပေးပါ။ အဝါရောင်နဲ့ အစိမ်းရောင် အသီးအရွက်တွေက အမြင်အာရုံအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်စိအားကောင်းဖို့ ငါးစားပါ။ ငါးကြီးဆီ စားပေးပါ။ ဒါဆို အမြင်အာရုံကို သဘာဝအတိုင်း တိုးတက်ကောင်းမွန်စေဖို့အတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။