အရွယ်တင်မှုကို အရေပြားတွေက ဖော်ပြနေတတ်ပါတယ်။ အသားအရေကျန်းမာသန့်ရှင်းနေရင် အရွယ်တင်နုပျိုနေတာပါပဲ။ ဒါကြောင့်ပဲ အသားအရေကြည်လင်ကျန်းမာဖို့အတွက် လိုက်နာသင့်တဲ့အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။
(၁) တစ်ရက်နှစ်ကြိမ်မျက်နှာသစ်ပါ

Photo: Unsplash
အသားအရေကျန်းမာပြီး မွေးညင်းပေါက်တွေ ပွင့်စေဖို့ ရေနွေးနွေးနဲ့ တစ်ရက်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ် မျက်နှာသစ်ပါ။ မျက်နှာအသားအရေတွေ မပျက်စီးစေဖို့ အပျော့စား Mild Cleanser မျက်နှာသစ်ဆေး သုံးပါ။ မျက်နှာအကြိမ်ကြိမ် သစ်တာကလည်း အရေပြားတွေ ယားယံပျက်စီးစေပြီး ခြောက်သွေ့ကြမ်းတမ်းစေနိုင်တာကို သတိပြုပါ။
(၂) အစားအသောက် ဆင်ခြင်ပါ

Photo: Unsplash
မှန်ကန်တဲ့ အစားအသောက်စားသုံးတာက ကိုယ်အလေးချိန် မျှတကျန်းမာစေပြီး အသားအရေပါ ကျန်းမာကြည်လင်စေနိုင်ပါတယ်။ အသားအရေကောင်းဖို့ အဆီများတဲ့ငါး (ဆယ်လ်မွန် ၊ မက်ကရယ်ငါး စသည်) ၊ ထောပတ်သီး ၊ သစ်ကြားသီး ၊ နေကြာစေ့ ၊ ကန်စွန်းဥ ၊ ပန်းဂေါ်ဖီစိမ်း ၊ ငရုတ်ပွက်ြီးတွေနဲ့ ခရမ်းချဉ်သီးတို့ စားပေးသင့်ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုရှိပါ

Photo: Unsplash
လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်လုံးကိုယ်ပေါက် လှပမှုအပြင် အသားအရေကြည်လင်ဖို့ပါ အထောက်အကူဖြစ်စေပါတယ်။ အားကစားလုပ်ခြင်းဟာ ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ပိုကောင်းမွန်စေပြီး အရေပြားကျန်းမာစေပါတယ်။ Workout လုပ်ပြီးတဲ့နောက် အားကစားလုပ်ချိန်က ဝတ်ထားတဲ့ အဝတ်အစားတွေကို ကိုယ်ပေါ်မှာ အကြာကြီး ဝတ်မထားဖို့လည်း လိုပါတယ်။ ဒီလို ဝတ်ထားတာက ဘက်တီးရီးယားတွေ ပေါက်ပွားစေပြီး မွေးညင်းပေါက်ပိတ်စေနိုင်လို့ ဖြစ်ပါတယ်။
(၄) အိပ်ရေးဝ,ဝ အိပ်ပါ

Photo: Unsplash
ကျွမ်းကျင်သူတွေအဆိုအရ စိတ္တသုခနဲ့ ကိုယ်တွင်းကိုယ်ပ ကျန်းမာရေးဟာ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု များရင် ၊ အိပ်ရေးပျက်တာ များရင် အသားအရေကျန်းမာကြည်လင်မှု ထိခိုက်စေနိုင်ပါတယ်။ အိပ်ချိန်ကတော့ အရွယ်ရောက်ပြီးသူတွေဟာ တစ်ရက်ကို ၇ နာရီကနေ ၈ နာရီအထိ အိပ်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုကိုတော့ နေ့တိုင်းမှာ သတိထားလျှော့ချဖို့နဲ့ စိတ်ပင်ပန်းမှုလျော့နည်းစေဖို့ တရားထိုင်တာ ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ ၊ ယောဂကစားတာမျိုး လုပ်ပေးသင့်ပါတယ်။
(၅) နေရောင်ခြည် ထိတွေ့မှု လျှော့ပါ

Photo: Unsplash
နေပူစပ်ခါးထဲ အချိန်ကြာကြာ နေတာကလည်း အရေပြားကျန်းမာရေး ပျက်စိးစေပါတယ်။ အပြင်ထွက်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ဖို့ Sunscreen လေး လိမ်းသွားသင့်သလို နေကာမျက်မှန် Sunglasses လေးလည်း တပ်သွားသင့်ပါတယ်။
Featured Photo: AskMen
