ကိုယ့်ကောင်မလေးက ဘယ်အချိန်မှာ ဘာကြောင့် စိတ်ကောက်လို့ ကောက်သွားမှန်းတောင်မသိတဲ့ ယောကျာ်းလေးတွေထဲမှာ သင် ပါနေပြီလား။ စုံတွဲတိုင်း ရန်ဖြစ်စကားများတတ်ကြပါတယ်။ ဒါပေမဲ့ သင် ကောင်မလေးကို စိတ်ကောက်ချင် ကောက်ပါစေဆိုပြီး အကြာကြီး ပစ်မထားပါနဲ့။
သူ(မ) စိတ်ပြေအောင် အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံးပြန်ချော့လိုက်ပါ။ ဒါမှ သင်ချစ်ရတဲ့ သင့်ကောင်မလေးမျက်နှာက အပြုံးပန်းနဲ့ ပြန်လည်ပွင့်လန်းနိုင်မှာမဟုတ်လား။
စိတ်ဆိုးစိတ်ကောက်နေတဲ့ ကိုယ့်ကောင်မလေးကို ဘယ်လိုပြန်ချော့ရမလဲ။
သင့်ရဲ့မာနကို ဘေးချထားပြီး သူ(မ)နဲ့ စကားပြောကြည့်ပါ
သမီးရည်းစားစုံတွဲများအကြား အကြီးမားဆုံးရန်သူကတော့ မာနပဲဖြစ်ပါတယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ငြင်းခုံမနေဘဲ ပြေပြေလည်လည်စကားပြောဖို့လိုပါတယ်။
တောင်းပန်ပါ
သင်က ဘာအမှား လုပ်မိမှန်းတောင် မသိလိုက်တဲ့အခိုက်အတန့်မျိုးမှာ ကိုယ့်ဘက်က မှားသွားကြောင့် မတောင်းပန်ချင်တာက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အရင်ဦးဆုံး တောင်းပန်လိုက်ခြင်းက သင်က မှားလို့ တောင်းပန်လိုက်ရတာမဟုတ်ပါဘူး။ သူ(မ)အပေါ် ဘယ်လောက်တန်ဖိုးထားကြောင်း၊ သူ(မ) မျက်နှာပျက်သွားမှာ မလိုလားကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။
သူ(မ) ပြောတာ နားထောင်ပါ
မိန်းကလေးတွေရဲ့ ပင်ကိုသဘာဝက စကားနည်းနည်းများတတ်ပါတယ်။ သူ(မ)က အားရပါးရ စကားပြောနေချိန်မှာ သူ့ချစ်သူကောင်လေးက စိတ်ဝင်တစားနားထောင်နေတယ်ဆို ပျော်တတ်ကြတာလည်း ကောင်မလေးတွေပါပဲ။
ဒါပေမဲ့ ကိုယ်က အလုပ်ကြောင့် (သို့) အကြောင်းအမျိုးမျိုးကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့အချိန်မျိုးမှာ စိတ်မရှည်တော့ဘဲ သူ(မ) ပြောတာကိုလည်း နားထောင်ချင်စိတ်မရှိတော့ပါဘူး။ ထိုမှတဆင့် သင့်ကောင်မလေးက သူပြောတာ နားမထောင်ရကောင်းလားဆိုပြီး စိတ်ဆိုးပြီး နှစ်ယောက်သားစကားများရပါလိမ့်မယ်။
ထိုအခြေအနေထိ မရောက်ချင်ဘူးဆိုရင်တော့ သင့်အခြေအနေကိုလည်း သူ(မ)အား ပွင့်ပွင့်လင်းလင်းပြောပြထားဖို့ လိုပါမယ်။ ဒါမှ သူ(မ)ဘက်ကလည်း သင့်ကို နားလည်ပေးမှာမဟုတ်လား။
သူ(မ) ကြိုက်တတ်တာလေးတွေ ဝယ်ကျွေးပါ
ယောကျာ်းတစ်ယောက်ရဲ့နှလုံးသားကို အပိုင်သိမ်းချင်ရင် သူ့ရဲ့ဗိုက်ကို အရင်ပြည့်အောင် လုပ်ရမယ်ဆိုတဲ့ စကားလေးကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ထိုနည်းလမ်းကလည်း စိတ်ဆိုးစိတ်ကောက်နေတဲ့ သင့်ကောင်မလေးကို ပြန်လည်ပြုံးရယ်လာအောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ သူ(မ) ကြိုက်တတ်တဲ့အစားအစာလေးတွေ ဝယ်ကျွေးလိုက်တာနဲ့ မျက်နှာမည်းကြီးက ချက်ချင်း ဝင်းလက်တောက်ပလာပါလိမ့်မယ်။
ဟာသပြောပြီး အရွှန်းဖောက်ပါ
ဟာသဉာဏ်ရွှင်တဲ့ ယောကျာ်းလေးတွေရဲ့အားသာချက်ကတော့ စိတ်ဆိုးနေတဲ့ ကိုယ့်ကောင်မလေးကို ချက်ချင်းပြုံးရယ်လာအောင် ပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ထိုအားသာချက်ကို ကောင်းကောင်းအသုံးချမယ်ဆိုရင်တော့ သင့်ကောင်မလေးလည်း ကြာကြာစိတ်မကောက်နိုင်ပါဘူး။
သင်ရော မကြာခဏ စိတ်ဆိုးစိတ်ကောက်တတ်တဲ့ သင့်ချစ်သူကောင်မလေးကို ဘယ်လိုချော့လေ့ရှိပါသလဲ။
Source: Inspiringtips.com