အလှအပနဲ့ ပတ်သက်လာရင် ယောကျာ်းလေးတွေဟာ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားမိတာ များပါတယ်။ ရုပ်မချောတောင် အရွယ်တင်တဲ့ သူတွေဟာ သူများထက် ပိုပြီး ကြည့်ကောင်းတာတော့ အမှန်ပါပဲ။ အသက် ၃၀ ကျော်လာရင် ရုပ်ရင့်တဲ့ ဖြစ်စဉ်က အတော့်ကို မြန်ဆန်လာပြီ ဖြစ်ပါတယ်။ ဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးလေးကြီးလို့ အခေါ်မခံရစေဖို့ ဒီနည်းလမ်းလေးတွေ လိုက်နာဖို့ လိုပါတယ်။
(၁) ဆေးလိပ်/အရက်ဖြတ်ပါ

Photo : Freepik
ရုပ်နုစေဖို့ အလွယ်ဆုံး အကြံပေးရမယ်ဆိုရင် ရုပ်ရင့်စေတဲ့ အစားအသောက် အနေအထိုင်ကို ပြုပြင်ပါလို့ ပြောချင်ပါတယ်။ ဆေးလိပ်စွဲစွဲမြဲမြဲသောက်တဲ့ လူတစ်ယောက် ဆေးလိပ်ဖြတ်ပြီး အသိသာဆုံးက ရုပ်ကြည်လာတာပါပဲ။ ဆေးလိပ်လိုပဲ အရက်ကလည်း ရုပ်ရင့်စေတဲ့ အဓိက အကြောင်းတရားထဲမှာ ပါပါတယ်။ အရက်သောက်ခြင်းဟာ ရေဓါတ်ခန်းခြောက်စေတာကြောင့် အသားအရေ မွဲခြောက်လာပါတယ်။
(၂) အသားအရေထိန်းသိမ်းပါ

Photo : Freepik
များသောအားဖြင့် ယောကျာ်းလေးတွေဟာ အသားအရေ ထိန်းသိမ်းတဲ့ အလေ့အထ မရှိတာ များပါတယ်။ အသားအရေကို Spa တွေ သွားစရာမလိုဘဲ အိမ်မှာတင် ပုံမှန် ဂရုစိုက်ပေးရုံနဲ့ အရွယ်တင်နိုင်ပါတယ်။ အလွယ်ဆုံးကတော့ မျက်နှာ ပုံမှန်သစ်ပြီး မျက်နှာချေးချွတ်တာမျိုး လုပ်ပါ။ ဒါတွေက အသားအရေကို စိုပြေစေပြီး ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
(၃) များများ အိပ်ပါ

Photo : Freepik
လုံလောက်တဲ့ အိပ်စက်ခြင်းမရှိရင် အရွယ်မတိုင်ခင် ရုပ်ကျဖို့ လွယ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်ဖို့ လိုပါတယ်။ အိပ်ချိန်ကို အပြည့်အဝ အသုံးချခြင်းဟာ ကိုယ်ခံအားစနစ်လည်း မြှင့်တင်ရာ ရောက်သလို ရုပ်နဲ့စိတ်ပိုင်းလည်း အနားရစေပါတယ်။
(၄) ကျန်းမာတဲ့ စားသောက်မှု ပုံစံ ရှိပါစေ

Photo : Freepik
အသီးအရွက် စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်စားတာ ၊ ရေများများ သောက်တာဟာ ကိုယ်ခန္ဓာအလေးချိန် ထိန်းညှိရာလည်း ရောက်သလို ကိုယ်တွင်း အဆိပ်အတောက်တွေလည်း ဖယ်ရှားပေးပါတယ်။
(၅) Workout ပုံမှန်လုပ်ပါ

Photo : Freepik
ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့ သူတွေဟာ သာမန်လူတွေထက် ပိုပြီး ရုပ်နုတာက သိသာပါတယ်။ အားကစားလေ့ကျင့်ခန်းလုပ်တာဟာ သွေးလေလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကြွက်သားတွေနဲ့ နှလုံးရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းလာစေပါတယ်။ Workout လုပ်ခြင်းကြောင့် စိတ်ဖိစီးမှုနည်းပြီး မျက်နှာအဆင်း ကြည်လင်တဲ့ အကျိုးကျေးဇူးလည်း ရမှာပါ။
