ဖိအားများတာဟာ နှလုံးနဲ့ အစာအိမ်ရောဂါတွေ ဖြစ်စေတဲ့အကြောင်းရင်းဖြစ်လို့ ဖိအားတွေကိုပေါ့မထားသင့်ပါဘူး။ ဖိအားကြောင့် သွေးတိုးတာ  အဝလွန်ပြီး ဆီးချိုသွေးတိုးလိုမျိုး သေလောက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဘဝဟာ ဖိအားတွေနဲ့ လုံးပမ်းနေရတာ ဖြစ်လို့ ဖိအားကို ကောင်းကောင်းကိုင်တွယ်တတ်ဖို့ လိုပါတယ်။စိတ်ဖိစီးမှုတွေ ဖြစ်လာချိန်မှာအခုပြောမယ့် နည်းလမ်းတွေနဲ့ ရင်ဆိုင်မယ်ဆိုရင် အများကြီး သက်သာရာရပါလိမ့်မယ်။

(၁) အသက်ပြင်းပြင်းရှု

 

Source: Shutterstock

ဝမ်းဗိုက်ထဲ လေအပြည့်ရောက်အောင် လေအပြည့်ရှုသွင်းမှုဟာ စိတ်ဖိစီးမှုကို အမြန်တိုက်ထုတ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အသက်ရှုမှုမှာ အာရုံစိုက်ထားပြီး ခပ်ပြင်းပြင်း ရှုဖို့လိုပါတယ်။ အဲ့လို ရှုသွင်းရှုထုတ်လုပ်နေချိန်မှာလည်း စိတ်ဟာဘာမှမတွေးဘဲ ဗလာဖြစ်အောင် ထားထားပါ။

(၂) ခန္ဓာကိုယ်ကို စိတ်နဲ့ စိုက်ကြည့်

Source: Pixabay

ထိုင်ခုံတစ်ခုခုမှာ ထိုင်ပြီး မျက်လုံးကိုအသာအယာမှိတ်ထားပါ။ ခေါင်းထဲမှာ စိတ်ရှုပ်ထွေးစေတဲ့ အကြောင်းအရာကို မတွေးဘဲ ခန္ဓာကိုယ်မှာ ဘာဖြစ်နေသလဲ  တင်းနေသလား  အောင့်နေသလား နာနေသလားဆိုတာကို စိတ်နဲ့ လျှောက်ကြည့်ရပါမယ်။ စိတ်ဟာ ခန္ဓာကိုယ်ပေါ်က တင်းခြင်း မာခြင်း ပူခြင်း  အေးခြင်းတွေကို သိနေမယ်ဆိုရင်ရှုပ်ထွေးနောက်ကျိနေတဲ့ အရာတွေ ပါးလျပျောက်ကွယ်သွားပါလိမ့်မယ်။

(၃) လက်ရှိအချိန်မှာ နေတတ်အောင် ကြိုးစား

 

Source: Shutterstock

ခေါင်းထဲက အတွေးတွေ ဖယ်ထုတ်ပြီး အခုကိုယ့်ရှေ့ မှာ ကြုံနေတာကိုပဲ အာရုံစိုက်တာဟာ စိတ်ဖိစီးမှုကို ရှင်းနိုင်တဲ့ အဖြေပါ။ ဒါကို စိတ်ထဲမှာ ဖိအားဖြစ်လာတိုင်း လုပ်ဖို့ ကြိုးစားကြည့်မယ်ဆိုရင် နောက်ပိုင်းမှာ သူ့ အလိုလို ဖိအားကို ဖယ်ရှားဖို့ ကိုယ့်အလုပ်ကို ထိရောက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ဖိစီးနေတဲ့ အရာနဲ့ ပတ်သက်လို့ လောလောဆယ် ကိုယ်ဖြေရှင်းလို့ မရသေးဘူး ၊ အချိန်မတန်သေးဘူးဆိုရင် ဝင်မပါသေးဘဲ လက်ရှိအလုပ်နဲ့ လက်ရှိအချိန်မှာ စိတ်နှစ်လိုက်သင့်ပါတယ်။

(၄) ဖိအားကိုယုတ္တိအမြင်နဲ့ ကြည့်

Source: Pexels

ဖိအားကို ကိုင်တွယ်မယ်ဆိုရင် သူ့ အကြောင်းကို စစ်စစ်ပေါက်ပေါက် သိဖို့ လိုပါတယ်။ ကိုယ့်ကို မွန်းကြပ်စေတဲ့ အရာဟာတကယ်ပဲ စိတ်ဖိစိးစရာကောင်းသလား ၊ ကိုယ်ကပဲ အထင်မှားနေသလား ၊ စိတ်ပူလောက်တဲ့ စိတ်ညစ်ရလောက်တဲ့ ကိစ္စနဲ့ ကိုယ်တကယ်တွေ့နေတာလား စသည်ဖြင့် မေးးခွန်းတွေ ထုတ်ပြီး မေးကြည့်ပါ။တကယ်လို့ ဟုတ်တယ်ဆိုရင် အခု ဖြေရှင်းလို့ ရမလား  ဘာလုပ်နိုင်မလဲ ။ လုပ်နိုင်တာ ရှိရင်ချက်ချင်း ထဖြေရှင်း အချိန်ယူရမယ်ဆိုရင် စိတ်ရှည်လိုက်ပါ။ တကယ်လို့ No ဆိုရင် ဘာလို့ စိတ်ပင်ပန်းခံမလဲ။

(၅) အကောင်းရှာ စိတ်ကိုငြိမ်အောင်ထား

Source: Pixabay

ပြဿနာပဲ ဖြစ်ဖြစ် စိတ်ဆင်းရဲစရာပဲ ဖြစ်ဖြစ် ကောင်းတဲ့အပိုင်းဆိုတာ ရှိတတ်ပါတယ်။ ဘယ်လောက်ပဲသေးသေး ကောင်းမွန်တဲ့အရာတွေဟာ ကိုယ့်ကို စိတ်သက်သာရာရစေနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေထဲမှာလည်း ကောင်းတဲ့အရာတွေ ရှိပါတယ်။ ဒီလိုအဆိုးထဲက အကောင်းရှာဖို့ အတွက် အရင်ဆုံး ကိုယ့်စိတ်ကို အေးချမ်း တည်ငြိမ်ဖို့ ကြိုးစားရမှာပါ။စိတ်အေးချမ်းဖို့ တရားထိုင်တာလိုမျိုး စိတ်လေ့ကျင့်ခန်းတစ်ခု ပုံမှန်လုပ်နေဖို့လိုပါတယ်။ ဖိအားဟာ ရှောင်သွားလို့ ရတဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် တည်ငြိမ်အေးချမ်းတဲ့ စိတ်ဓါတ်ကို မွေးယူထားသူတွေဟာ ဖိအားကိုအနိုင်ယူနိုင်ပါလိမ့်မယ်။