ခရီးသွားတယ်ဆိုတာ ကိုယ်မရောက်ဖူးတဲ့ အသစ်အဆန်းနေရာတွေကို သွားရောက်လည်ပတ်တာပါ။ ဒီလိုလည်ပတ်တဲ့အခါ ယဉ်ကျေးမှုအသစ်တွေ၊ လူအသစ်တွေနဲ့ တွေ့ရတဲ့အပြင် ဒေသထွက်အစားအစာ အသစ်အဆန်းတွေကလည်း မြည်းစမ်းချင်စရာ ဖြစ်နေပါတယ်။ ကိုယ်မစားဘူးသေးတဲ့ အစားအစာအသစ်တွေကို မြည်းစမ်းရတာ ပျော်စရာကောင်းပေမယ့် ခရီးသွားနေတဲ့အချိန် မစားသင့်ဘူးလို့ အကြံပြုထားတဲ့ စားစရာတွေလည်း ရှိနေပါတယ်။ ဒါဆို ဘယ်အစားအစာတွေလဲဆိုတာ သိရအောင်အောက်မှာ ဖတ်ကြည့်လိုက်ပါ။

(၁) အသားစိမ်းနဲ့ ပင်လယ်စာ

Raw meat and seafood
Photo : Bestlife

ဟုတ်ပါတယ် ခရီးသွားတဲ့အခါ ပထမဆုံးအနေနဲ့ မစားသင့်တဲ့အစားအစာက အသားစိမ်းနဲ့ ပင်လယ်စာတွေပါ။ အသားစိမ်းနဲ့ ပင်လယ်စာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါထိန်းချုပ်ရေးစင်တာရဲ့ အဆိုအရ မချက်ပြုတ်ထားတဲ့ အသားနဲ့ ဘယ်လိုပင်လယ်စာမဆို လိမ္မော်ရည် ဒါမှမဟုတ် ရှာလကာရည်နဲ့ စိမ်ထားတယ်ဆိုရင်တောင် ခရီးသွားလာနေတဲ့အခါမှာ မစားသင့်ဘူးလို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ခရီးသွားနေခိုက် ကျန်းမာရေးပြဿနာတွေဖြစ်လာပြီဆိုရင် ကွီးတို့ရဲ့ ခရီးသွားလာမှုကို နှောင့်နှေးစေနိုင်ပါတယ်။

(၂) တောကောင်သား

Bushmeat

Photo : iStock

လင်းနို့တွေ၊ မျောက်တွေနဲ့ မြေကြွက်အကောင်ကြီးလို အသားတွေကလည်း ခရီးသွားရင်းမမြည်းစမ်းကြည့်သင့်တဲ့ အထဲမှာပါပါတယ်။ CDC ရဲ့အဆိုအရဆိုရင် အဲ့ဒီတိရစ္ဆာန်တွေမှာ အီဘိုလာလို ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ (SARS) လိုရောဂါတွေတောင်ဖြစ်တတ်ပြီး အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒေသခံဈေးသည်တွေက မြည်းစမ်းကြည့်ဖို ပြောလာတယ်ဆိုရင်လည်း ကွီးတို့အနေ နဲ့ ဘယ်သားကောင်ရဲ့အသားလဲဆိုတာ သေချာရွေးချယ်ပြီးမှ စားကြည့်သင့်ပါတယ်။

(၃) အချဉ်ရည်အမျိုးမျိုး

Sauces and condiments

Photo : CNN

အချဉ်ရည်နဲ့ စားရတဲ့အစားသောက်တွေဟာ ခရီးသွားနေစဉ်ရှောင်ရှားရမယ့် အစားအသောက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ်စားလိုက်တဲ့အချဉ်ရည်ထဲမှာ ဘယ်လိုပါဝင်ပစ္စည်းတွေ ဘာတွေပါဝင်နေလဲဆိုတာ သေချာမသိနိုင်လို့ပါ။ ကွီးတို့အနေနဲ့ သတိမထားလိုက်မိဘဲနဲ့ မသန့်ရှင်းတဲ့ရေ ဒါမှမဟုတ် သေချာမဆေးကြောထားတဲ့ အသီးအရွက်နဲ့ ပြုလုပ်ထားတဲ့ ဆော့စ်မျိုးကို စားမိတယ်ဆိုရင်တော့ ခရီးသွားနေစဉ် ဝမ်းဗိုက်ပြဿနာ တက်နိုင်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်အစိမ်း

 Raw vegetables
Photo : Stacker

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက မြေကြီးပေါ်မှာပေါက်တာဖြစ်လို့ သန့်ရှင်းမှုနည်းနိုင်ပါတယ်။ ခရီးသွားတဲ့ဒေသမှာ အသီးအနှံတွေကို ပိုးသတ်ဆေးဖြန်းတာမျိုးရှိတယ်ဆိုရင်လည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ အသီးအရွက်တွေကို သုပ်စားတာမျိုးလုပ်ချင်တယ်ဆိုရင်တော့ အတတ်နိုင်ဆုံးသန့်စင်ပြီး သေချာဆေးကြောထားတဲ့ အသီးအရွက်တွေကို ရွေးချယ်သင့်ပါတယ်။ တကယ်လို့ကွီးတို့သွားရောက်လည်ပတ်တဲ့နေရာမှာ စူပါမားကတ်လို ဟင်းသီးဟင်းရွက်ရောင်းချတဲ့နေရာတွေရှိတယ်ဆိုရင်တော့ အဲ့လိုနေရာတွေကပဲ ဝယ်ယူစားသုံး ပိုပြီးစိတ်ချရမှာပါ။

(၅) သန့်စင်မထားတဲ့ နိုနဲ့ နိုထွက်ပစ္စည်းတွေ

 Unpasteurized dairy products

Photo : Food Safety News

နောက်ဆုံး ခရီးသွားရင်း မစားသင့်တဲ့ အစားအသောက်တစ်မျိုးကတော့ နိုနဲ့နိုထွက် ပစ္စည်းတွေပါ။ အတင်းအကြပ် တိုက်တွန်းတာမျိုးမဟုတ်ပေမယ့် ခရီးသွားတဲ့အခါ ပေါင်းခံမထားတဲ့ နိုနဲ့နိုထွက်ပစ္စည်းတွေကို ရှောင်တာက ကွီးတို့အတွက် အန္တရာယ်အကင်းဆုံး ဖြစ်စေပါလိမ့်မယ်။ သေချာသန့်စင်ပေါင်းခံမထားတဲ့ နိုနဲ့နိုထွက်ပစ္စည်းတွေမှာ Salmonella၊ E.coli နဲ့ Listeria ကဲ့သို့ ရောဂါတွေ ပါဝင်နေနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ခရီးသွားတဲ့အခါ အစားအစာအသစ်တွေ မြည်းစမ်းရတာကြိုက်တဲ့သူဆိုရင်တော့ လိုအပ်တဲ့ဆေးဝါးတွေပါဝင်တဲ့ ခရီးဆောင်ဆေးသေတ္တာမျိုးဆောင်သွားဖို့လည်း အကြံပေးချင်ပါတယ်။

Featured Photo : Snacksters