ဇရာကို ဘယ်သူမှ မလွန်ဆန်နိုင်ပေမယ့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုတော့ နှေးကွေးအောင် ပြုလုပ်လို့ရပါတယ်။ သင်က ခန့်ညားပြီး ကြည့်ကောင်းချင်တယ် အိုမင်းရင့်ရော်မှုကို နှေးကွေးချင်တယ်ဆိုရင်တော့ မပြုလုပ်သင့်တဲ့ အလေ့အကျင့်တချို့ရှိပါတယ်။
ထိုအလေ့အကျင့်ဆိုးများကို ရှောင်လွဲနိုင်မှသာ ခန့်ညားပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်ဖြစ်လာမှာပါ။
ဝက်ခြံညှစ်ခြင်း
သင့်မှာ ဝက်ခြံ မကြာခဏ ညှစ်တတ်တဲ့အလေ့အကျင့်ရှိရင်တော့ ထိုအလေ့အကျင့်ကို ဖျောက်ဖျက်သင့်ပါပြီ။ သင် ဝက်ခြံညှစ်ပြီးသွာတဲ့အချိန်မှာ ချွေးပေါက်က ပွင့်သွားပြီး ဘက်တီးရီးယားများ ဝင်ရောက်သွားပါလိမ့်မယ်။ ဒါ့အပြင် သင့်လက်က မသန့်ရှင်းဘူးဆိုရင်တော့ ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး ဆက်တိုက်ပေါက်လာပါလိမ့်မယ်။
နှုတ်ခမ်းကို မကြာခဏ သပ်ခြင်း (သို့) နှုတ်ခမ်း ကိုက်ခြင်း
နှုတ်ခမ်း မကြာခဏ ကိုက်ခြင်းက နှုတ်ခမ်းကို ခြောက်သွေ့စေပြီး နှုတ်ခမ်းကွဲစေပါတယ်။ နှုတ်ခမ်းကို လျှာနဲ့ သပ်ခြင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ နှုတ်ခမ်းခြောက်ြခ်းကို ကာကွယ်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းနီအဆီ လိမ်းကျံနိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်နှုတ်ခမ်းက ရေဓာတ်ပြည့်ဝပြီး စိုပြေလှပနေမှာပါ။
လက်သည်းကိုက်ခြင်း
လက်သည်းကိုက်တဲ့ အလေ့အကျင့်ကလည်း ဖျောက်ဖျက်သင့်တဲ့အလေ့အကျင့်တစ်ခုပါပဲ။ လက်သည်းကိုက်ခြင်းရဲ့ ဆိုးကျိုးများကတော့ သင့် လက်သည်းများ ကြည့်ရိုးတဲ့အပြင် သင့်ခံတွင်းရနံ့ကိုလည်း ဆိုးဝါးစေပါတယ်။ သွားအလှအပနဲ့ လက်သည်းအလှအပကို ထိန်းသိမ်းဖို့အတွက် ဒီအလေ့အကျင့်ဆိုးကို ဖျောက်ဖျက်သင့်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက သင့်အသားအရေကို ကြမ်းတမ်းခြောက်သွေ့စေပါတယ်။ ဆေးလိပ်ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းများက သွေးလှည့်ပတ်မှုကို ကျဆင်းစေပြီး ကောလဂျင်နဲ့ အသားအရေတင်းရင်းစေသော ဆဲလ်များကို ထိခိုက်ပျက်စီးစေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ရပါမယ်။
အိပ်ရေးမဝခြင်း
အိပ်ရေးမဝခြင်းက သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုဟော်မုန်းများကို ထုတ်လွှတ်ပေးပါတယ်။ သင့်အသားအရေကို အိုမင်းရင့်ရော်စေတာကြောင့် အိပ်ရေးဝဝ အိပ်စက်အနားယူသင့်ပါတယ်။
နေလောင်ကာခရင်မ် မလိမ်းခြင်း
နွေရာသီမှာ Sunscreen မလိမ်းခြင်းက သင့်အသားအရေအပေါ် အညှာအတာမဲ့ရာရောက်ပါတယ်။ နေလောင်ကာခရင်မ် မလိမ်းတဲ့အတွက်ကြောင့် UV အလင်းတန်းများက အသားအရေကို ကြမ်းတမ်းခြောက်သွေ့စေပြီး အရေးအကြောင်းထစေပါတယ်။ နွေရာသီမှ မဟုတ်ပါဘူး။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံးမှာ နေလောင်ကာခရင်မ် လိမ်းသင့်ပါတယ်။ နေအိမ်မှ မထွက်ခင် နာရီဝက်ခန့်ကြိုတင်ကာ လိမ်းထားလိုက်ပါ။
Photo Source: Freepik.com
Source: Lybrate.com