သင် နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အကျင့်များသည် သင့်ကို အောင်မြင်မှုဆီ အရောက်လှမ်းနိုင်အောင် တွန်းပို့ပေးနိုင်သလို အောင်မြင်မှုနှင့် အလှမ်းဝေးအောင်လည်း ဆွဲချနိုင်ပါတယ်။ သင်ကိုယ်တိုင်သည် သင့်အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်နေ့စဉ်ပြုလုပ်နေတဲ့အလေ့အကျင့်များသည် အလေ့အကျင့်ကောင်းလား၊ အလေ့အကျင့်ဆိုးလားဆိုတာ သေချာသုံးသပ်သင့်ပြီး မကောင်းမွန်တဲ့အကျင့်ဆိုးများကိုတော့ အမြန်ဆုံးဖျောက်ဖျက်သင့်ပါတယ်။
ဘယ်လိုအလေ့အကျင့်ဆိုးတွေကို အမြန်ဆုံးဖယ်ရှားသင့်သလဲဆိုတော့ …
မိမိဘဝအတွက် အခြားသူများရဲ့အဆုံးအဖြတ်ကို ခံယူခြင်း
Photo Source: Everypixel.com
သင့်ဘဝအတွက် ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်ဆိုတာကို သင်ကိုယ်တိုပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခြားသူများအား မိမိဘဝအတွက် ခြယ်လှယ်ခွင့်ပေးနေခြင်းကို ရပ်တန်းက ရပ်သင့်ပါပြီ။ သင့်ဘဝအတွက် သင်ကိုယ်တိုင်ပဲ ပဲ့ကိုင်ပါ။ အခြားသူများ ဝင်ရောက်မစွက်ဖက်နိုင်အောင်လို့ စည်းတစ်ခု ခြားထားရပါမယ်။
ဘာစွန့်စားမှုမှ မရှိတဲ့ Comfort Zone ထဲမှာပဲ နေထိုင်ခြင်း
Photo Source: Waldenu.edu.com
သက်သောင့်သက်သာနေထိုင်ပြီး ဘာစွန့်စားမှုမှ မပြုလုပ်ခြင်းသည် သင့်အနာဂတ်အတွက် မည်သည့်တိုးတက်မှုကိုမှ ယူဆောင်လာပေးမှာမဟုတ်ပါဘူး။ Comfort Zone ထဲမှာ မနေရဘူးဆိုပြီး ကိုယ် ကျွမ်းကျင်ပြီးသားအလုပ်တစ်ခုကနေ နောက်ထပ်စွန့်စားရမယ့်အလုပ်သစ်တစ်ခုသို့ ပြောင်းရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ်က ဒီအလုပ်တစ်ခုမှာ ကျွမ်းကျင်ထားပေမယ့် ဒီအဆင့်မှာပဲ ရပ်တန့်မနေဘဲ ဒီ့ထက်ပိုပြီးတော့ အဆင့်မြင့်လာအောင် ဆရာကျလာအောင် ကြိုးစားခြင်း၊ Comfort Zone ထဲမှ ရုန်းထွက်ခြင်း၊ တစ်ရက်တစ်မျိုး မရိုးရအောင် မိမိကိုယ်ကို စိန်ခေါ်ခြင်းစတာတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။
အဆိုးမြင်စိတ်များကို နေရာပေးခြင်း
Photo Source: Success.com
သင့်ဘဝထဲမှာ အဆိုးမြင်ဝါဒီသမားများ ဘယ်နှယောက်လောက်ရှိပါသလဲ။ သင်ကိုယ်တိုင်ရော တစ်ရက်လျှင် ဘယ်နှကြိမ်လောက် အဆိုးမြင်စိတ်များ တွေးမိနေပါသလဲ။ အဆိုးမြင်စိတ်များသည် သင် မသိလိုက်တဲ့အချိန်မှာပဲ သင့်စိတ်ထဲ ဝင်ရောက်နေရာယူတတ်ပါတယ်။ အဆိုးမြင်စိတ်များသည် သင့်ရဲ့စွမ်းအင်များကို စုပ်ယူသွားနိုင်တာကြောင့် အဆိုးမြင်စိတ်များ စိတ်ထဲ နေရာယူလာပြီဆိုတာကို သိလိုက်တာနဲ့တပြိုင်နက် ချက်ချင်းဖယ်ရှားလိုက်ပါ။
အတိတ်မှာပဲ နေထိုင်ခြင်း
Photo Source: Humanwindow.com
အတိတ်ကအရိပ်ဆိုးထဲက ရုန်းမထွက်နိုင်တာမျိုးပဲဖြစ်ဖြစ်၊ အရင်တုန်းက သာယာတဲ့နေ့ရက်ဟောင်းများကိုပဲ လွမ်းဆွတ်တသတာမျိုးပဲဖြစ်ဖြစ် အတိတ်က ဖြစ်ခဲ့တာတွေကိုပဲ တနုံ့နုံ့တွေးနေခြင်းသည် အရှေ့သို့ ဆက်မလှမ်းနိုင်အောင် တားဆီးနေပါတယ်။ ဒါ့ကြောင့် အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ လက်ရှိပစ္စုပ္ပန်မှာ မိမိရဲ့တတ်စွမ်းသမျှခွန်အားများဖြင့် အစွမ်းကုန်ကြိုးစားလိုက်ပါ။
အချိန်ဆွဲတတ်ခြင်း
Photo Source: Menshealth.com
လောကကြီးသည် လူတစ်ယောက်ချင်းစီအား တူညီတဲ့ ၂၄ နာရီအချိန်ကို လက်ဆောင်ပေးထားပါတယ်။ သင့်ဘဝအတွက် တစ်မိနစ်တိုင်းကို ဘယ်လိုအချိန်ကုန်ဆုံးမလဲဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ သင့်မှာ စိတ်ကူးယဉ်ပိုင်ခွင့်၊ အိပ်မက် မက်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ထိုအိပ်မက် မက်တဲ့အဆင့်မှာပဲ ရပ်တန့်မသွားဘဲ ကိုယ်ပိုင်ဆိုင်တဲ့ မိနစ်တိုင်းကို ကောင်းမွန်စွာ အသုံးချဖို့ လိုအပ်ပါတယ်။
လမ်းတစ်ဝက်မှာ လက်လျော့အရှုံးပေးလိုက်ခြင်း
Photo Source: Ymi.com
အောင်မြင်မှုလမ်းခရီးသည် ဘယ်သောအခါမှ မဖြောင့်ဖြူးပါဘူး။ ဆူးညှောင့်ခလုတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ သင်က လမ်းတစ်ဝက်မှာတင် အရှုံးပေးလိုက်မယ်ဆိုရင် သင် လျှောက်ခဲ့တဲ့လမ်း၊ အပင်ပန်းခံခဲ့သမျှသည် သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။ ဒီလမ်းကို ဆက်မလျှောက်ချင်တော့လို့ နောက်တစ်လမ်းက သွားမယ်ဆိုရင်လည်း နောက်ထပ် မတူညီတဲ့ အခက်အခဲများကို ရင်ဆိုင်ရမှာပါပဲ။ အဲ့ဒီအခါကျရင်ရော သင် ထပ်ပြီး လက်လျော့အရှုံးပေးလိုက်မှာလား။ ဒါဆိုရင် ဘယ်လိုဖြေရှင်းရမလဲ …
အခက်အခဲ အတားအဆီးများနှင့် ရင်ဆိုင်ရတဲ့အခါ သင့်ရဲ့အိပ်မက်၊ သင့်ရဲ့ပန်းတိုင်ကို ပြောင်းပစ်လိုက်တာမျိုးမဟုတ်ဘဲ သင်အသုံးပြုတဲ့နည်းလမ်းကိုသာ ပြောင်းပစ်ရမှာဖြစ်ပါတယ်။ ဆူးခင်းလမ်းအတွက် အရင်က ဖိနပ်အပါးဖြင့် ဖြတ်ကျော်ခဲ့တယ်ဆိုရင် ဖိနပ်ထူထူ ပြောင်းစီးလိုက်ပါ။ လမ်းလျှောက်သွားရလို့ ခြေထောက်ညောင်းတယ် ခြေထောက်နာတယ်ဆိုရင် ကားပြောင်းစီးလိုက်ပါ။ အရှုံးမပေးဘဲ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားမှသာလျှင် သင့်အတွက် အောင်မြင်မှုပန်းတိုင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
Source: Businessinsider.com