အားလုံးပဲ မင်္ဂလာပါ။ ၂၀၁၈ ကနေ ၂၀၁၉ ဆိုတဲ့နှစ်သစ်ကို ကူးပြောင်းလာပြီဆိုတော့ ကိုယ်ကလည်း ရည်မှန်းချက်အသစ်၊ ပန်းတိုင်အသစ်တွေထားဖို့ လိုလာပြီပေါ့။

ကောင်းကောင်းစား၊ ကြိုးစားဝိတ်ချပြီး ပိုကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားရမယ့်အချိန်လည်းရောက်ပါပြီ။ ကဲ…ဒါဆိုရင်တော့ ဘယ်လိုအကျင့်တွေကို အတတ်နိုင်ဆုံးဖယ်ရှားပစ်ပြီး ဘယ်လိုအကျင့်ကောင်းလေးတွေကို မွေးမြူရမလဲဆိုတာ အခုပဲဆက်ကြည့်လိုက်ရအောင်ပါ။

၁။ အိပ်ခန်းထဲကို ဖုန်းသယ်တတ်တဲ့ အကျင့်ဖျောက်ပါ။

Source: Tom’s Guide

မနက်အိပ်ရာကနေ နိုးအောင် သံပတ်ပေးဖို့အတွက် ညအိပ်ရာဝင်ခါနီးမှာ ဖုန်းကိုသယ်သွားတာမျိုး မလုပ်သင့်ပါဘူး။ ဖုန်းကိုသံပတ်အနေနဲ့ အသုံးပြုမယ့်အစား သုံးလေးထောင်လောက်ပဲ ပေးရမယ့် နာရီလေးတွေကို အနားထားအိပ်ပါ။ ဖုန်းကိုအနားမှာထားအိပ်တာက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သလို အိပ်ရာမဝင်ခင် ငါးမိနစ်အလိုလောက်ထိ ဖုန်းကိုသုံးနေမယ်ဆိုရင် တော်ရုံနဲ့အိပ်မရတာကိုပါ ဖြစ်စေနိုင်ပါတယ်။

၂။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

Source: Psychology Today

တစ်နေ့တစ်နေ့ လုပ်ငန်းခွင်ကိစ္စတွေ၊ ကျောင်းကိစ္စတွေ၊ အိမ်အလုပ်တွေနဲ့ ရှုပ်ထွေးနေတာကြောင့် ကိုယ့်ကျန်းမာရေးအတွက် သေချာဂရုစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချိန်အနည်းငယ်ယူပြီး အသက်ရှူလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာက စိတ်ရောကိုယ်ပါ ပိုပြီးကျန်းမာစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ့် အရာတစ်ခုကတော့ ယောဂကျင့်စဉ်တွေပါပဲ။

၃။ အိပ်ရာမဝင်ခင် ငါးမိနစ်လောက်စာဖတ်ပါ။

Source: From Dusk, Till Don – WordPress.com

စာဖတ်တာက ဗဟုသုတလည်းတိုးပွားစေနိုင်သလို အချို့သူတွေအတွက်က စာဖတ်ရင်ကို အိပ်ပျော်မြန်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို အနှောင့်အယှက်ဖြစ်စေမယ့် ဖုန်းကိုအသုံးပြုမယ့်အစား ငါးမိနစ်လောက်စာဖတ်ပေးလိုက်ပါ။

၎။ အကြောဆန့်ပါ။

Source: Muscle & Fitness

မနက်ခင်းအိပ်ရာကနိုးလို့ လုပ်လိုက်တဲ့အကြောဆန့်တာမဟုတ်ပါဘူး။ သေသေချာချာ အကြောအချင်တွေပြေသွားအောင် ဆန့်ပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးလေလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အကြောဆန့်ပေးခြင်းဖြင့် ကြွက်သားတွေကို သန်မာစေပြီး ကျန်းမာကြံ့ခိုင်စေပါတယ်။

၅။ အသီးအရွက်များများစားပါ။

Source: Montagu Dried Fruit & Nuts

ကိုက်လံ၊ ဂေါ်ဖီ၊ တရုတ်မုန်ညင်းတို့လို ဗီတာမင်အေ၊ စီ၊ အီးနှင့် ကေတို့ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးခြင်းက နှလုံးရောဂါ၊ ရင်သားကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ဖြစ်ပေါ်နှုန်းကို လျော့ကျစေပါတယ်။

၆။ တရားထိုင်ပါ။

Source: ayurvedic

တရားထိုင်ခြင်းဟာလည်း ပြေးခြင်း၊ ရေကူးခြင်းတို့လို ကျင့်သားရသွားအောင် အချိန်ကြာကြာ လုပ်ယူရတာဖြစ်ပေမယ့် ရက်သတ္တပတ်အနည်းငယ်လောက်လုပ်ပေးလိုက်မယ်ဆိုရင်ကို သိသာမှုတွေ မြင်တွေ့လာရမှာပါ။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင်ကြမှုတွေ၊ သွေးပေါင်ချိန်နှင့် မူးဝေမောပန်းခြင်းတို့ကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

Featured Image Source: AmericanInno