ဖက်ရှင်အသုံးအဆောင်ပစ္စည်းများနဲ့ ပတ်သက်လာရင် နာရီတွေကိုလည်း မမေ့ထားသင့်ပါဘူး။ ယနေ့ခေတ်မှာ စမတ်ဖုန်းနဲ့နာရီကြည့်လို့ရတာပဲ ဘာလို့ပိုက်ဆံအကုန်ခံပြီး နာရီဝယ်နေမှာလဲလို့ မေးစရာရှိပါတယ်။ နာရီချစ်သူတွေရဲ့အဖြေကတော့ စမတ်ကျတယ်လို့ပဲဖြေကြမှာပါ။

အစည်းအဝေးခန်းမမှာ အချိန်ဘယ်လောက်ကြာနေပြီလဲဆိုတာသိချင်ရင် လက်မှာပတ်ထားတဲ့နာရီကို မသိမသာလေးခိုးကြည့်လိုက်တော့ ကိုယ့်ရဲ့အပြုအမူက အများရှေ့မှာ ရိုင်းတယ်လို့ အထင်မခံရတော့ဘူးပေါ့။ တချို့အမျိုးသားတွေဆို နာရီဝယ်စုတတ်ကြပါတယ်။ နာရီထုတ်လုပ်သူတွေကလည်း အသက်အရွယ်အပိုင်းအခြားအလိုက် နာရီဒီဇိုင်းအမျိုးမျိုး၊ အမျိုးအစားအမျိုးမျိုးကို ထုတ်လုပ်လေ့ရှိပါတယ်။

အခုတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ နာရီဝယ်ဖို့ စဉ်းစားနေတဲ့ကိုကိုတို့အတွက်ရော၊ ကိုယ့်ချစ်သူကောင်လေးကို နာရီလက်ဆောင်ပေးချင်ကြတဲ့ ပျိုပျိုတို့အတွက် အကောင်းဆုံးနာရီအမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

G-Shock

အမျိုးသားတွေ အကြိုက်ဆုံးနာရီကတော့ အကြမ်းခံတဲ့ G-Shock ပဲဖြစ်ပါတယ်။ အမြင့်ဘယ်လောက်က ကျကျ ကွဲအက်ပျက်စီးမသွားဘဲ ပကတိအကောင်းအတိုင်းရှိနေတတ်တဲ့နာရီလေးပေါ့။ သူ့ရဲ့ဈေးနှုန်းကတော့ ၁၁၉ ပေါင်ကုန်ကျမှာဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင်တော့ ၂ သိန်းဝန်းကျင်လောက်ရှိပါတယ်။

Calvin Klein

CK လို့ အတိုကောက်ခေါ်ကြတဲ့ Calvin Klein နာရီကလည်း အကောင်းတကာ့အကောင်းစားထဲမှာ ပါပါတယ်။ ကောင်းဆို ဈေးကလည်း တော်တော်ကောင်းပါတယ်။ ၂၇၁ ပေါင်ရှိပြီး မြန်မာငွေနဲ့ဆို ၄ သိန်းကျော် ၅ သိန်းနီးပါးရှိပါတယ်။

Braun

နာမည်ကြီးဒီဇိုင်နာ Dieter Ram ရဲ့ Braun စီးရီး ၁၀ မျိုးထဲမှာ ပါဝင်တဲ့ တော်ဝင်ဆန်တဲ့နာရီအမျိုးအစားကတော့ ပတ်ထားတာနဲ့တင်ကို နာမည်ကြီးတံဆိပ်မှန်းသိသာလှပါတယ်။ ဈေးကလည်း အကြီးစားထဲမှာမပါ ပါဘူး။ ၈၇ ပေါင်ခန့်ပဲ ပေးရပြီး မြန်မာငွေနဲ့ဆိုရင်တော့ ၁ သိန်းခွဲဝန်းကျင်လောက် ကုန်ကျပါလိမ့်မယ်။

Timex

Timex နာရီအမျိုးအစားထဲက Timex Expedition Scout ဆိုတဲ့စီးရီးလေးကတော့ အချိန် ၂ မျိုး ၂ စားနဲ့ ကြည့်လို့ရပါတယ်။ ၂၄ နာရီပုံစံနဲ့ အချိန်ကြည့်ချင်လည်း ရသလို၊ ရိုးရိုး ၁၂ နာရီအချိန်အတိုင်းအတာနဲ့လည်း ကြည့်နိုင်ပါတယ်။ ၅ မီတာနက်တဲ့ရေထဲမှာလည်း အထားခံတယ်ဆိုတော့ ရေကူးအားကစားကြိုက်နှစ်သက်တဲ့ ကိုကိုတို့အတွက် ကွက်တိသွားကျမှာပါ။ သူ့ရဲ့ဈေးနှုန်းကတော့ ၄၆ ပေါင်၊ မြန်မာငွေနဲ့ဆို ၈ သောင်းဝန်းကျင်လောက်ရှိပါတယ်။

Skagen

ဒိန်းမတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Skagen နာရီအမျိုးအစားကတော့ အမျိုးသားတွေအကြိုက်အရောင်လေးပဲဖြစ်ပါတယ်။ အညိုရောင်လက်ပတ်နာရီက သင့်ကိုတည်ကြည်ခန့်ညားတဲ့အသွင်ပေါက်အောင် ကူညီပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁၀၂ ပေါင်၊ မြန်မာငွေနဲ့ဆို ၁ သိန်း ၇ သောင်းဝန်းကျင်ရှိပါတယ်။

Certina

ဟော… လာပြန်ပါပြီ နောက်ထပ် ရေစိုခံနာရီတစ်မျိုး။ နာရီဒိုင်ခွက်က ၃၈ မီလီမီတာပဲရှိတဲ့အပြင် ၁၀၀ မီတာအထိ ရေစိုခံတဲ့နာရီပဲဖြစ်ပါတယ်။ ၁၀၀ မီတာအနက်အထိ အသက်အောင့်ပြီး ရေကူးနိုင်တယ်ဆိုရင်တော့ ဝယ်လိုက်ပေါ့နော်။ ဒီဇိုင်းကြိုက်လွန်းလို့ အသက်မအောင့်နိုင်ဘူးဆိုရင်လည်း ဝယ်လိုက်ပါ။ ဈေးနှုန်းကတော့ ၂၈၅ ပေါင်၊ မြန်မာငွေနဲ့ဆိုရင်တော့ ၄ သိန်း ၉ သောင်း၊ ၅ သိန်းနီးပါးပါပဲ။ သူ့ရဲ့စီးရီးနာမည်ကတော့ Certina DS Caimano ပဲဖြစ်ပါတယ်။

Source: menshealth.com