ဖိနပ်တွေက ဖက်ရှင်အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ ငြင်းဆန်လို့မရပါဘူး။ ဖိနပ်က သန့်သန့်ရှင်းရှင်းနဲ့ တောက်ပြောင်နေမယ်ဆိုရင် သင့်ရဲ့ဖက်ရှင်ပုံရိပ်ကို မြှင့်တင်ပေးနိုင်သလို သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားမယ်ဆိုရင် ဖိနပ်က ညစ်ပတ်တာကြောင့် သင့်ရဲ့ဖက်ရှင်က ကြည့်ရဆိုးနေမှာ အမှန်ပါပဲ။ စာဖတ်သူတို့ရော ကိုယ့်ရဲ့ဖိနပ်ကို အမြဲသန့်သန့်ရှင်းရှင်းထားရဲ့လား။

ဖက်ရှင်ကျဖို့ဆိုရာမှာ အမြဲတမ်းမြန်မာဆန်နေလို့ မရပါဘူး။ လုပ်ငန်းခွင်မှာ နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံတဲ့အခါ ပေါ့ပါးပြီး စမတ်ကျစေမယ့် စတိုင်ဘောင်းဘီလေးတွေကိုလည်း ဝတ်ဆင်ပေးရပါမယ်။ ဒီလိုဘောင်းဘီဝတ်တဲ့အခါ ပိုပြီးစမတ်ကျစေဖို့အတွက် ရှုးဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်သင့်ပါတယ်။ ဘယ်လိုရှုးဖိနပ်လေးတွေက အသင့်တော်ဆုံး၊ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

သားရေပျော့ဖိနပ်များ

သားရေပျော့ဖိနပ်တွေ ဝတ်ဆင်မယ်ဆိုရင် ဘောင်းဘီကိုတော့ ချီနိုဘောင်းဘီဝတ်ဆင်ပြီး ရှပ်အင်္ကျီလေးတွေ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ရှပ်အင်္ကျီ အပြင်ထုတ်ဝတ်တဲ့အခါ ခါးပတ်မလိုပေမယ့် ရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်မယ်ဆိုရင် ခါးပတ် ပတ်မှ ပိုကြည့်ကောင်းပါလိမ့်မယ်။

အောက်စ်ဖို့ရှုးဖိနပ်

အောက်စ်ဖို့ရှုးဖိနပ်တွေကတော့ တကယ့် Formal ကျကျ ဝတ်စုံပြည့်ဝတ်ဆင်မယ်ဆိုမှသာ ထုတ်ဝတ်သင့်တာပါ။ ဒီလိုဝတ်စုံပြည့်ဝတ်တဲ့အခါ သတိထားရမယ့်တစ်ချက်ကတော့ အလွန်အကျွံဖြစ်မသွားဖို့ပါပဲ။ ဆိုလိုချင်တာကတော့ အရမ်းကြီးပဲမများဖို့ပါ။

Derby ရှုးဖိနပ်များ

ဒီရှုးဖိနပ်တွေကတော့ လူငယ်တွေနဲ့ သိပ်လိုက်ဖက်မှုရှိမှာမဟုတ်ပါဘူး။ အသက် (၃၀) ကျော်၊ (၄၀) နားကပ်တဲ့ အမျိုးသားတွေ ပိုရွေးချယ်သင့်တဲ့ ရှုးဖိနပ်ပဲဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ဖက်ရှင်စတိုင်လ်ကို ရင့်ကျက်သူတစ်ယောက်အဖြစ် ပြောင်းလဲပေးမှာပဲဖြစ်ပါတယ်။

Chelsea ဘွတ်ဖိနပ်များ

Chelsea ဘွတ်ဖိနပ်တွေကတော့ ခြေမျက်စိဖုံးတဲ့အပြင် အခြားရှုးဖိနပ်များထက် ခြေထောက်လည်ပင်းက ပိုရှည်တာကြောင့် စတိုင်ဘောင်းဘီဝတ်တဲ့အခါ ဖိနပ်ကို ဘောင်းဘီထဲထည့်ဝတ်ထားလို့ရပေမယ့် ဂျင်းဘောင်းဘီ၊ ချီနိုဘောင်းဘီဝတ်တဲ့အခါ ဘောင်းဘီကို အနားစခေါက်ထားသင့်ပါတယ်။

Chukka ဘွတ်ဖိနပ်များ

Chukka ဘွတ်ဖိနပ်တွေကတော့ ၁၉၄၀ ခုနှစ်ကတည်းက ဖက်ရှင်လောကထဲမှာ ခေတ်စားလာတဲ့ဖိနပ်တွေပဲဖြစ်ပါတယ်။ ဒီဘွတ်ဖိနပ်ကိုတော့ ကိုယ်ကြပ်ဂျင်းဘောင်းဘီ (သို့) ချီနိုဘောင်းဘီတို့ကို ပိုလိုရှပ်အင်္ကျီများနဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။

Dress ဘွတ်ဖိနပ်

နောက်ဆုံးအမျိုးအစားကတော့ Dress ဘွတ်ဖိနပ်ပဲဖြစ်ပါတယ်။ ဒီဖိနပ်ကိုတော့ ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်ထက် ဝတ်စုံပြည့်နဲ့ ဦးစားပေးဝတ်ဆင်သင့်ပါတယ်။

Source: Thetrendspotter.net