အကောင်း အဆိုးဆိုတာ ဒွန်တွဲနေတာကြောင့် အမြဲတမ်း ကောင်းတဲ့အရာတွေကိုပဲ စံစားရမှာမဟုတ်သလို အမြဲတမ်းဒုက္ခရောက်နေမှာလည်း မဟုတ်ပါဘူး။ လူသားတစ်ယောက်ချင်းစီက ဘဝတိုက်ပွဲမှာ အောင်မြင်စွာတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားရုန်းကန်နေကြသူတွေပါပဲ။

မိသားစုရေး၊ အိမ်တွင်းရေး၊ လူမှုရေး၊ အချစ်ရေး စသည်ဖြင့် အမျိုးမျိုး စိတ်ဖိစီးမှု ကိုယ်စီရှိကြပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ စိတ်ဖိစီးမှုခံစားနေရပါစေ၊ အဲ့ဒီဒဏ်တွေကနေ အောင်မြင်ကျော်လွှားနိုင်ရပါမယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုဒဏ်ကို ဘယ်လိုရင်ဆိုင်ကျော်လွှားသင့်လဲဆိုတာ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

နီကိုဒင်းဓာတ်၊ ကာဖိန်းဓာတ်နဲ့ အရက်သေစာသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

Source: vinepair.com

တစ်ချို့လူတွေက စိတ်ညစ်လာပြီဆိုရင် အရက်သောက်ပြီး စိတ်ညစ်စရာတွေကို ဖြေဖျောက်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက သင့်ရဲ့စိတ်ဖိစီးမှုပမာဏ ပိုမိုများပြားလာအောင် လှုံ့ဆော်နေတာပါ။ ပြီးတော့ ကော်ဖီကဲ့သို့ ကာဖိန်းဓာတ်ပါတဲ့ ဖျော်ရည်များကိုလည်း မသောက်သုံးသင့်ပါဘူး။ အဲ့ဒီဖျော်ရည်တွေ သောက်မယ့်အစား သဘာဝဆေးဖက်ဝင်အပင်ကနေ ထုတ်လုပ်ထားတဲ့ ဖျော်ရည်များ၊ သစ်သီးဖျော်ရည်များက စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပါ

Source: irreverentgent.com

စိတ်ဖိစီးမှုဒဏ်တွေကြောင့် စိတ်မသက်သာဖြစ်လာပြီဆိုရင် လေကောင်းလေသန့်ရှုရင်း ခပ်သွက်သွက်လမ်းလျှောက်ပေးလိုက်ပါ။ အလုပ်မသွားခင်၊ ဒါမှမဟုတ် အလုပ်က ပြန်ရောက်တဲ့အချိန်၊ နေ့ခင်းနေ့လည် အလုပ်နားတဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါး အားကစားလေးတွေ ပြုလုပ်ပေးလိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက ညဘက်မှာ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့ ကူညီပေးပါတယ်။

အိပ်ရေးဝဝအိပ်ပါ

Source: www.uib.no

အင်တာနက်ခေတ်၊ စမတ်ဖုန်းခေတ်ရဲ့ သိသာထင်ရှားတဲ့ ဆိုးကျိုးတစ်ခုကို ပြောပါဆိုရင်တော့ ကျွန်ုပ်တို့တွေက ညဘက်မှာ တော်တော်နဲ့မအိပ်သေးလဲ ညနက်သန်းခေါင်အထိ ဖုန်းသုံးကြခြင်းပဲဖြစ်ပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်ဖိစီးမှုကို လက်ယပ်ခေါ်နေသလိုပါပဲ။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စိတ်ဖိစီးမှုကနေ စိတ်ကျရောဂါကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ညနက်သန်းခေါင်မှ အိပ်တတ်တဲ့အလေ့အကျင့်ကို ဖျောက်လိုက်ပါ။ အိပ်ရာစောစောဝင်ပါ။ ပုံမှန်အိပ်ရာစောစောဝင်မယ်ဆိုရင် သင့်စိတ်နဲ့ခန္ဓာကိုယ်က အလေ့အကျင့်ဖြစ်လာပြီး အိပ်ရမယ့်အချိန်ရောက်ပြီဆိုရင် သင့်ကို အချက်ပြပါလိမ့်မယ်။

ခင်မင်ရင်းနှီး ယုံကြည်ရသူတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ

Source: yourhealth.net.au

တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှုကို တစ်ဝက်လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်အတွက် အကြံဥာဏ်ကောင်းတွေလည်း ရရှိနိုင်မှာပါ။ ဒါပေမဲ့ သင် ရင်ဖွင့်တဲ့သူက အမှန်တကယ် ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ချိန်ချိန်မှာ သင့်နောက်ကျောကို ဓားနဲ့ထိုးမယ့်သူမဟုတ်ရပါဘူး။

စိတ်ဖိစီးမှုအကြောင်း ဒိုင်ယာရီရေးပါ

Source: Shutterstock

စာအုပ်တစ်အုပ်ထဲမှာ အချိန်၊ နေရာနဲ့ ရက်စွဲအတိအကျရေးမှတ်ထားပြီး စိတ်ဖိစီးမှု အပိုင်း (၁)၊ အပိုင်း (၂) ဆိုပြီး ခွဲမှတ်ထားပါ။ ဒါဆိုရင် ဘာ့ကြောင့် စိတ်ဖိစီးရသလဲဆိုတဲ့အကြောင်းအရင်းကို သိရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ပြဿနာအတွက် ဖြေရှင်းချက်ကို အလွယ်လေးတွေ့မြင်နိုင်ပါတယ်။

နေမကောင်းဘူးဆိုရင် အနားယူပါ

Source: Shutterstock

တစ်ချို့အရမ်းကြိုးစားတဲ့သူတွေ ဖြစ်တတ်ပါတယ်။ နေမကောင်းပေမယ့် လုံးဝအနားမယူကြပါဘူး။ တကယ်တော့ ဒါက ကိုယ့်ကိုယ်ကို နှိပ်စက်နေသလိုပါပဲ။ နေမကောင်းတဲ့အခါ ခဏတဖြုတ်အနားယူလိုက်ခြင်းက ခံစားရတဲ့ရောဂါဝေဒနာကို မြန်မြန်သက်သာစေပါတယ်။

ဒီနည်းလမ်းကောင်းတွေကို အသုံးပြုရင်း စိတ်ဖိစီးမှုဒဏ်ကို အနိုင်ယူလိုက်ကြရအောင်။