ဘဝမှာ ဖြစ်သလိုနေတယ်ဆိုတာ ကောင်းတဲ့ စိတ်ကူး မဟုတ်ပါဘူး။ အနာဂါတ်အတွက် အစီအစဉ်မရှိခြင်းဟာ တစ်ချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်တင်မိမယ့် အရာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အသက် ၂၀ အရွယ် လူငယ်အရွယ်မှာ အကျင့်ကောင်းတွေ မွေးထားမယ်ဆိုရင် အသက် ၃၀ လူလတ်ပိုင်းမှာ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို တည်ဆောက်ပြီး ဖြစ်မှာပါ။

(၁) အစားအသောက် မှန်ကန်ပါစေ ၊ လေ့ကျင့်ခန်းလည်း လုပ်ပေးပါ

Photo: Unsplash

မှန်မှန်စား များများလုပ် ဆိုပြီး အကြံပြုချင်ပါတယ်။ အသက် ၂၀ မှာ ကိုယ်ခံအားစနစ် ကောင်းတာကြောင့် Junk Food တွေ စားပြီး လေ့ကျင့်ခန်း မလုပ်လည်း ခံနိုင်ပေမယ့် အသက်ကြီးလာရင် ဒီလို နေထိုင်မှုပုံစံက ကိုယ့်ကို ဒုက္ခပြန်ပေးပါလိမ့်မယ်။

(၂) ငွေလည်းစု ရင်းနှီးမြှပ်နှံမှုလည်း လုပ်ပါ

Photo: Unsplash

ငယ်တုန်းရွယ်တုန်း ရှာလို့ ရလာတဲ့ ငွေကို အကုန် မသုံးဖြစ်ဖို့ လိုပါတယ်။ ကိုယ်ရထားတဲ့ ငွေကို စုဆောင်းသင့်သလို တစ်နေရာမှာ ရင်းနှီးမြှပ်နှံတာမျိုးလုပ်ပြီး ငွေကို ခိုင်းတတ်တဲ့ အကျင့်မွေးပါ။

(၃) အမှတ်တရလေးတွေ ဖန်တီးထားပါ

Photo: Freepik

အသက်ကြီးလာရင် ကိုယ့်ကလေးတွေကို ပြောဖို့ ကိုယ့်မှာ အံ့ဖွယ်ဆန်းပြားတဲ့ အတွေ့အကြုံတွေ ရှိထားသင့်ပါတယ်။ ကိုယ်ရှင်သန်ခဲ့တဲ့ ကာလတစ်လျားမှာ စွန့်စားခန်းတွေရှိခဲ့သင့်ပါတယ်။ သင့်ဘဝကို ပိုပြီး အဓိပ္ပါယ်ပြည့်ဝစေတဲ့ အတွေ့အကြုံတွေဟာ နောင်တစ်ချိန်မှာ စားမြုံ့ပြန်လို့ကောင်းပါလိမ့်မယ်။

(၄) သင့်ကိုယ်သင် ချစ်တတ်ပါစေ

Photo: Unsplash

သင့်အောင်မြင်မှုကို အသိအမှတ်ပြုပါစေ။ သင့်ရဲ့ ပင်ကိုယ်အရည်အချင်း ၊ သင့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း သိထားဖို့ လိုပါတယ်။ အသားအရေနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်ခြင်းဟာ သင့်ကိုယ်သင် ချစ်တတ်ခြင်းပါပဲ။

(၅) လှူနိုင်သမျှ လှူပါ

Photo: Unsplash

လူတွေကို ကူညီခြင်းဟာ ကမ္ဘာကြီးမှာ မေတ္တာမျှဝေနေတာပဲ ဖြစ်ပါတယ်။ လူတွေကို ကူညီတာဟာ ရင်ထဲက ငြိမ်းချမ်းမှုတွေကို နေရာပေးနေတာပဲ။ အလှူအတန်းလုပ်ခြင်းဟာ ဘာသာရေးအရ ကုသိုလ်ရတာလည်း ဖြစ်သလို တစ်ခြားသူတွေရဲ့ လေးစားချစ်ခင်မှုကိုပါ ရစေတဲ့ မွန်မြတ်တဲ့ အလုပ် ဖြစ်ပါတယ်။

(၆) လုပ်ချင်တာ လုပ်ဖို့ မမေ့ပါနဲ့

Photo: Unsplash

အသက် ၂၀ မှာ ကိုယ့်အတွက်ကို အလုပ်လုပ်ပါ။ ခရီးသွားချင်တာတွေ ရှိရင် သွားဖြစ်အောင် သွားပါ။ အသက် ၂၀ နောက်ပိုင်းမှာဆို အိမ်ထောင်ရက်သား ကျပြီးဖြစ်လို့ ကိုယ်စိတ်တိုင်းကျ သွားဖြစ်ဖို့ မလွယ်တော့ပါဘူး။