သင့်အနေနဲ့ လူတစ်ယောက်ကို ပထမအကြိမ် တွေ့ဆုံတဲ့အခါ ဘယ်အချက်ကို စတင်သတိထားမိပါသလဲ။
လူတစ်ယောက်မှာ ပုံပန်းသွင်ပြင်က အရေးမကြီးဘူးဆိုပေမယ့်လည်း ပထမဆုံး စတွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ဝတ်စားဆင်ယင်ပုံကို အကဲဖြတ်ပြီး ဒီလူက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေတဲ့သူလား။ ဖြစ်ကတတ်ဆန်း နေတတ်တဲ့သူလားဆိုတာကို ဆုံးဖြတ်လေ့ရှိကြပါတယ်။
ဈေးကြီးတဲ့ အဝတ်အစား အသုံးအဆောင်တွေကို ဝတ်ဆင်မှ သန့်ရှင်းသပ်ရပ်စနစ်ကျသူလို့ သတ်မှတ်နိုင်တာ မဟုတ်ပါဘူး။ မိမိမှာ ရှိပြီးသားဖြစ်တဲ့ အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြုပြီးလည်း စမတ်ကျတဲ့အသွင်အပြင်၊ ဖက်ရှင်ကျတဲ့အသွင်အပြင်အဖြစ် ပုံဖော်နိုင်ပါတယ်။
အများအမြင်မှာ စမတ်ကျတဲ့ပုံပေါ်အောင်၊ ကိုယ် ကြိတ်ခရက်ရှ်နေတဲ့ ကောင်မလေးရှေ့(သို့) ကိုယ့်ချစ်သူကောင်မလေးရှေ့မှာ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိအောင် ဘယ်လိုဖက်ရှင်အသုံးအဆောင်တွေကို ရွေးချယ်သင့်သလဲ။
မျက်မှန်
မိမိမျက်နှာကျနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ် ဝတ်ဆင်ခြင်းအားဖြင့် ခန့်ညားလှပတဲ့အသွင်ကို ဖော်ဆောင်နိုင်ပါတယ်။
ဆွယ်တာ
မြန်မာနိုင်ငံရဲ့ ရာသီဥတုကြောင့် ဆွယ်တာ ဝတ်ဆင်ဖို့ မသင့်တော်ဘူးဆိုပေမယ့်လည်း ဆွယ်တာက ညှို့ငင်ဖမ်းစားနိုင်တဲ့ အမျိုးသားတစ်ယောင်အသွင် ဖန်တီးပေးနိုင်တယ်ဆိုတဲ့အချက်ကိုတော့ ငြင်းလို့မရပါဘူး။
ပန်းရောင်ရှပ်အင်္ကျီ
ပန်းရောင်က အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အရောင်ဆိုတဲ့ ကျား၊ မ ခွဲခြားဆက်ခံခြင်းကို မေ့ပစ်လိုက်ပါတော့။ ကမ္ဘာကြီးက တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူတွေရဲ့အတွေးအခေါ်ကလည်း ပြောင်းလဲသွားပါပြီ။ ယနေ့ခေတ်မှာ အမျိုးသားများလည်း ပန်းရောင်အဝတ်အစားများကို သူတို့လည်း ဝတ်ဆင်နိုင်တယ်ဆိုတဲ့အချက်ကို လက်ခံလာကြပါပြီ။
ပန်းရောင်ရှပ်အင်္ကျီ ဝတ်တဲ့အခါ တစ်ခုသတိထားရမှာကတော့ ပန်းဆီရောင်ဘက်သွားတဲ့ အရောင်မျိုးမဟုတ်ဘဲ ပန်းဖျော့ရောင်များ ရွေးချယ်ပါ။ ကြယ်သီးအပြည့် တပ်ဆင်ခြင်း၊ အင်္ကျီလက်ကို တံတောင်အထိ ခေါက်ဝတ်ခြင်းက ပိုမိုစမတ်တဲ့အသွင် ဖန်တီးပေးပါတယ်။
နာရီ
နာရီကလည်း အမျိုးသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပါပဲ။ “ဒီနေ့ခေတ်မှာ ဖုန်းရှိနေတာပဲ။ ဖုန်းရှိရင် အချိန်လည်း သိတာပေါ့” လို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေကတော့ သူတို့ရဲ့အမြင်မှာ နာရီဝတ်ထားတဲ့ အမျိုးသားက မဝတ်ထားတဲ့ အမျိုးသားထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဝန်ခံထားကြပါတယ်။
အားကစားဝတ်စုံ
သင့်ကို ကိုယ်ရော စိတ်ပါ ကျန်းမာတဲ့ အမျိုးသားဖြစ်အောင် ကူညီပေးနိုင်တဲ့ ဖက်ရှင်ကတော့ အားကစားဖက်ရှင်ပဲဖြစ်ပါတယ်။ လူတိုင်းက ကျန်းမာတဲ့ဘဝကိုပဲ နှစ်သက်ကြတာဖြစ်ပြီး အားကစား လိုက်စားသူများက လေ့ကျင့်ခန်း မလုပ်သူများထက် မိမိကိုယ်ကို ယုံကြည်မှု ပိုရှိကြတယ်။ ပိုပွင့်လင်းကြတယ်။ စကားပြောလို့ ပိုကောင်းပါတယ်။
ရှူးဖိနပ်
ရင့်ကျက်တည်ငြိမ်တဲ့ ကိုကြီးတစ်ယောက်အလား ဖက်ရှင်ကျချင်တယ်ဆိုရင် အားကစားဖိနပ်တွေ ဝတ်မယ့်အစား ရှူးဖိနပ်ကို ဦးစားပေးရွေးချယ်လိုက်ပါ။ ဒီလိုရှူးဖိနပ်တွေ ဝတ်ဆင်တဲ့အခါမှာလည်း ဖိနပ်ကို သန့်ရှင်းတောက်ပြောင်နေအောင် တိုက်ချွတ်ထားဖို့တော့ လိုပါလိမ့်မယ်။
ဒီအချက်လေးတွေ သိသွားပြီဆိုရင်တော့ အမျိုးသမီးထုကြီးရဲ့ အမြင်အာရုံကို ရာနှုန်းပြည့်ဖမ်းစားနိုင်တော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။
Source: Brightside.me