လူအများစုဟာ တစ်နေ့ပင်ပန်းခဲ့သမျှ ဖြေဖျောက်ဖို့ ညဘက်မှာ ခြေပစ်လက်ပစ်အိပ်လိုက်တတ်ကြပါတယ်။ မအိပ်ခင်မှာ အများစု ဖုန်းသုံးကြမယ် ဆိုရှယ်မီဒီယာတွေကြည့်ကြမယ် ဂိမ်းတွေကစားကြမယ် စသည့်ဖြင့် ညဘက်အိပ်ယာဝင်ခါနီးအချိန်တွေကို ဒီလိုအချက်တွေနဲ့ပဲ ကုန်ဆုံးလေ့ရှိကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ ပိုမိုအောင်မြင်ပျော်ရွှင်ရတဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို ညအိပ်ယာဝင်ခါနီးတိုင်းမှာ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

(၁) စာဖတ်ပါ

Source : The Cheat Sheet

ဒီဘက်လူတွေမှာ စာဖတ်ခြင်းအလေ့အထ တော်တော်လေး ပျောက်ဆုံးလာတာတွေ့ရပါတယ်။ သင့်အနေနဲ့ ဘဝမှာပိုမိုအောင်မြင်ချင်တယ်ဆိုရင်တော့ ဗဟုသုတများစွာပေးနိုင်တဲ့ စာဖတ်ခြင်းအလေ့အကျင့်ကို ကျင့်သုံးလိုက်နာရမှာဖြစ်ပါတယ်။ မအိပ်ခင်မှာ စာအုပ်ဖတ်ခြင်းဟာ ပညာဗဟုသုတတိုးပွားစေတဲ့အပြင် မိနစ်ပိုင်းအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပါတယ်။

(၂) မနက်ဖြန်အတွက်ကြိုတင်ပြင်ဆင်ပါ

Source : The Cheat Sheet

လူတော်တော်များများ ကြိုတင်ပြင်ဆင်တဲ့အလေ့ကျင့်ကို မေ့ထားပြီး အနီးကပ်မှ အသဲသန်ပြုလုပ်တတ်ကြတာများပါတယ်။ ကိုယ့်ရဲ့ အရေးကြီးလုပ်ငန်းဆောင်တာတွေ စာရွက်စာတမ်းတွေ နောက်ဆုံး မနက်ဖြန်မှာ ဝတ်မယ့်အဝတ်အစားကအစ မအိပ်ခင်မှာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်ခင်မှာ အချိန်ပိုတွေ အများကြီးထွက်လာနိုင်သလို အလောသုံးဆယ်ပြုလုပ်ရတာတွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။

(၃) ဒီနေ့လုပ်ခဲ့တဲ့အရာတွေကို ပြန်ဆန်းစစ်ပါ

Source : canada.national.edu

ညအိပ်ယာဝင်ခါနီးတိုင်း တစ်နေ့တာကိုယ်လုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးကြည့်ပါ။ ဘယ်လောက်အမှားတွေလုပ်မိနေလဲ၊ အချိန်တွေ ဘယ်လောက်ဖြုန်းနေမိလဲဆိုတာ ပြန်ဆန်းစစ်ပါ။ ဒီနေ့လုပ်ခဲ့တဲ့ အကျိုးမရှိတဲ့အရာတွေကို နောက်တစ်နေ့မှာ ထပ်မလုပ်မိစေဖို့ ကိုယ့်ကိုယ်ကိုဆုံးမပါ။

(၄) ဖုန်းသုံးတာလျော့ပါ

Source : USA Today

အပေါ်မှာပြောခဲ့အတိုင်း ကျွန်တော်တို့အားလုံး မအိပ်ခင်ပြုလုပ်လေ့ရှိတာအရာတွေထဲမှာ ဖုန်းသုံးခြင်းက ထိပ်ဆုံးကနေရာယူထားပါတယ်။ တကယ်တော့ အိပ်ခါနီးဖုန်းတွေ ဆိုရှယ်မီဒီယာတွေအသုံးပြုခြင်းဟာ သင့်ရဲ့ အိပ်စက်မှုကို အကြီးအကျယ် အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းသုံးချိန်နဲ့ အနည်းဆုံး ၁ နာရီခန့်ခွာပြီးမှ အိပ်ယာဝင်သင့်ပါတယ်။

(၅) မိသားစုနဲ့ စကားပြောပါ

Source : SheKnows

ကိုယ်ရဲ့ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေအားလုံးကို မျှဝေခံစားပေးနိုင်တာ မိသားစုပဲရှိပါတယ်။ အခုနောက်ပိုင်း တော်တော်များများအလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ ရေမိုးချိုးစားသောက်ပြီး ဖုန်းတန်းပွတ်လေ့ရှိကြပါတယ်။ ကြာလာတဲ့အခါ နွေးထွေးတဲ့မိသားစုအသိုက်အမြုံတစ်ခု ခြောက်ကပ်တိတ်ဆိတ်လာပြီး မိသားစုဆိုတဲ့အဓိပ္ပါယ်ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့်မိသားစုကို အချိန်ပေးပြီးစကားပြောပါ။

(၆) တရားထိုင်ပါ

Source : PicsWe

မအိပ်ခင် (၁၅) မိနစ်လောက် တရားထိုင်ခြင်း ပြုလုပ်ပေးပါ။ တရားထိုင်ခြင်းဟာ သင့်ရဲ့စိတ်အတွင်းက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး တည်ငြိမ်အေးချမ်းမှုတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးတာကြောင့် အကြံဥာဏ်ကောင်းတွေထွက်စေပြီး အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။