၅၀ ရာခိုင်နှုန်းခန့်သော အိမ်ထောင်သည်များသည် ကွာရှင်းပြတ်ဆဲခြင်းဖြင့် သူတို့ရဲ့အချစ်ခရီးလမ်းကို အဆုံးသတ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့်လည်း လက်ထပ်ထိမ်းမြားခြင်းသည် သေသေချာချာစဉ်းစားဆုံးဖြတ်သင့်တဲ့ ကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။
သင်နဲ့ သင့်ကောင်မလေးရဲ့ချစ်သူရည်းစားသက်တမ်းကလည်း တော်တော်လေးကြာလာပြီ၊ တစ်ယောက်အကြောင်းတစ်ယောက်လည်း သိလာကြပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ လက်ထပ်ထိမ်းမြားခြင်းအဆင့်သို့ ချီတက်ကြတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်မထပ်ခင်၊ စေ့စပ်ကြောင်းလမ်းမှုမပြုလုပ်ခင်မှာ နှစ်ယောက်သား တိုင်ပင်ထားသင့်တဲ့အချက်တွေရှိပါတယ်။
အိမ်ထောင်သည်ဘဝနှင့် ပတ်သက်တဲ့ မျှော်လင့်ထားသောအရာများ

ချစ်သူသမီးရည်းစားဘဝမှာတော့ တစ်ယောက်နဲ့တစ်ယောက်က သိပ်မတွေ့ရတဲ့အတွက်ကြောင့် တီတီတာတာချစ်စကားဆိုနိုင်မှာဖြစ်ပေမယ့် အိမ်ထောင်သည်ဘဝမှာတော့ အချိန်ကြာလာသည်နှင့်အမျှ အိမ်အလုပ်၊ ရုံးအလုပ်များနှင့် လုံးပန်းပြီး ကြင်နာယုယမှုတွေ နည်းပါးလာတတ်ပါတယ်။ ထိုအချက်အတွက်လည်း ကြိုပြင်ထားဖို့လိုပါတယ်။
ဒါ့အပြင် အိမ်အလုပ်ကို ဘယ်လိုခွဲလုပ်မလဲ။ ကလေးမွေးပြီးနောက်မှာ ကလေးကို ဘယ်လိုထိန်းကျောင်းဆုံးမ မလဲ စတဲ့အရာတွေအတွက်လည်း သေချာဆွေးနွေးဖို့လိုအပ်ပါတယ်။ နှစ်ယောက်သား အမြင်မတူတာတွေ ငြင်းခုံစရာတွေ ကြုံတွေ့ရချိန်မှာလည်း အော်ဟစ်ငြင်းခုံမယ့်အစား ခေါင်းအေးအေးထားပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
နှစ်ဖက်မိဘဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများ

သင့်ရဲ့လက်တွဲဖော်အကြောင်း သင် ကောင်းကောင်း သိပါလိမ့်မယ်။ ဒါပေမဲ့ သင့်လက်တွဲဖော်ရဲ့မိဘ၊ ဆွေမျိုးတွေအကြောင်းရော သင် သေချာသိပါ့မလား။ တချို့အိမ်ထောင်ရေးအဆင်မပြေမှုတွေမှာ နှစ်ဖက်ဆွေမျိုးနှင့် မိတ်ဆွေအပေါင်းအသင်းများရဲ့သွေးထိုးစကားတွေရဲ့စနက်တွေလည်းပါပါတယ်။ သင့်အနေနဲ့ ချစ်တုန်းကတော့ မိုးမမြင် လေမမြင်နဲ့ ယူထားပြီးကာမှ သွေးထိုးစကားတွေကြောင့် ကိုယ့်အိမ်ထောင်ဖက်ကို အပြစ်မြင်မယ်ဆိုရင်တော့ သင်တို့တည်ဆောက်ထားတဲ့ အချစ်အိမ်လေးက အလွယ်တကူ ပြိုကွဲသွားနိုင်ပါတယ်။
မိမိရဲ့ကိုယ်ပိုင်ခံယူချက်နှင့် ကိုးကွယ်ယုံကြည်မှု

မိသားစုအမြင်၊ နိုင်ငံရေးအမြင်၊ ဘာသာရေးအမြင်နှင့် အခြားအခြားသော ကိုယ်ပိုင်ခံယူချက်များ မတူညီလို့ရပါတယ်။ အရေးကြီးဆုံးအရာကတော့ ကိုယ့်လက်တွဲဖော်ရဲ့ခံယူချက်ကို မထီမဲ့မြင်မပြုဘဲ လေးစားတတ်ဖို့လိုပါတယ်။ လေးစားမှု၊ နားလည်မှုတို့ကို အခြေခံထားတဲ့ အိမ်ထောင်ရေးသည် သာယာပျော်ရွှင်ပြီး အောင်မြင်တတ်ပါတယ်။
ကိုယ့်ကလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲ

လက်မထပ်ခင်ကတည်းက ကလေး ယူမှာလား၊ မယူဘူးလား။ ကလေး ဘယ်နှယောက်ယူမှာလဲ။ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်တဲ့အခါ ကလေးကို ဘယ်သူထိန်းကျောင်းပေးမှာလဲ စတဲ့အချက်တွေကို ထည့်စဉ်းစားဖို့လိုပါတယ်။ ကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ရခြင်းသည် လူလည်းပင်ပန်းရသလို နားချိန်လည်း ရမှာမဟုတ်ပါဘူး။
ကိုယ်ပိုင်အိပ်မက်များနှင့် ရည်မှန်းချက်ပန်းတိုင်များ

လက်ထပ်လိုက်တာနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အိပ်မက်တွေကို လက်လျော့လိုက်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့အိပ်မက်သည်လည်း သင့်ဘဝအတွက် အရေးကြီးပါတယ်။ သင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အားပေးဖို့လိုအပ်ပြီး သင်တို့ရဲ့ရည်မှန်းချက်အိပ်မက်များကို အတူတူဖြည့်ဆည်းဖို့ ကြိုးပမ်းနိုင်ပါတယ်။
ငွေရေး ကြေးရေး

ငွေရေး ကြေးရေးသည် အိမ်ထောင်တစ်ခု မငြိမ်းချမ်းအောင် ပြုလုပ်တဲ့ အဓိကတရားခံဆိုလည်း မမှားပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပိုက်ဆံကိုင်ထားတဲ့သူပဲ ဘာဝယ်ရမယ်၊ ဘာမဝယ်ရဘူးလဲဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်လို့ပါ။ ပိုက်ဆံအပ်ရတဲ့သူမှာလည်း အသုံးစရိတ်လိုလာတဲ့အခါ ခဏခဏတောင်းနေမယ်ဆိုရင် အငြိုငြင်ခံရမှာပါပဲ။
ဒါ့ကြောင့် လက်မထပ်ခင်ကတည်းက ငွေရေးကြေးရေးကို ဘယ်လိုစီမံမလဲ။ ကျန်းမာရေး၊ ခွဲစိတ်ကုသမှုစတဲ့ အရေးပေါ်အခြေအနေတွေကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲ စတဲ့အချက်များကို ထည့်သွင်းစဉ်းစားရပါမယ်။
ထိုအချက်များကို သေသေချာချာတိုင်ပင်ပြီးမှ လက်ထပ်မယ်ဆိုရင် သင်တို့ရဲ့အိမ်ထောင်ရေးသည် အပေးအယူမျှပြီး သာယာပျော်ရွှင်ကာ အေးအတူပူအမျှနဲ့ အတူတူဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
Photo Source: Freepik.com
Source: Thriveglobal.com
