တစ်နေ့တာလုံး သွားလာလှုပ်ရှားရုန်းကန်ပြီး အလုပ်လုပ်ရတဲ့အခါမှာ ညရောက်ပြီဆိုရင် အားအင်တွေ ကုန်ခမ်းသွားပါပြီ။ ဒီလိုကုန်ခမ်းသွားတဲ့အားအင်ကို ပြန်လည်အားသစ်မွေးနိုင်ဖို့အတွက် နှစ်ခြိုက်စွာ အိပ်စက်အနားယူသင့်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါပေမဲ့ သင်က ညဘက် အိပ်တဲ့အခါ မကြာခဏ လန့်လန့်နိုးတတ်တယ်။ အိပ်ရာဝင်တဲ့အခါလည်း အိပ်မောကျဖို့ အချိန်အကြာကြီး ယူရတယ်ဆိုရင်တော့ အိပ်မရတဲ့ရောဂါ စွဲကပ်လာနိုင်ပါတယ်။

ဒါဆိုရင် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်အောင် အိပ်ရာမဝင်ခင်မှာ ဘယ်လိုအရာတွေကို ပြုလုပ်သင့်သလဲ။

အိပ်ခါနီး မိနစ် ၃၀ အလိုမှ လျှပ်စစ်ပစ္စည်းများ အသုံးပြုမှုကို ရပ်တန့်လိုက်ပါ

မိမိကိုယ်ကို ချစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ အတုယောင်ကမ္ဘာကြီးထဲကနေ ခဏတာရုန်းထွက်ပြီး မိမိရဲ့အိပ်ချိန်အတွက် သေချာအချိန်ပေးပါ။

စာအုပ်ဖတ်ပါ

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်များက စာအုပ်ဖတ်ပြီးမှ ညအိပ်ရာ ဝင်လေ့ရှိပါတယ်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့ စကားလေးအတိုင်းပဲ စာပေတွေက သင့်အတွက် ဗဟုသုတတိုးပွားလာအောင် ကူညီပေးနိုင်ပါတယ်။

ဒိုင်ယာရီ (သို့) ဂျာနယ်ရေးပါ

တစ်နေ့တာလုံးမှာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေ စိတ်ညစ်စေတဲ့အရာတွေ ပျော်ရွှင်စေတဲ့အရာတွေ အားလုံးကို ချရေးခြင်းက သင့်စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို လျော့ကျသွားစေပါတယ်။ စိတ်လက်ပေါ့ပါးသွားမှ နှစ်ခြိုက်စွာ အိပ်စက်နိုင်မှာမဟုတ်လား။

မနက်ဖြန် လုပ်ရမယ့်အရာတွေကို စာရင်းမှတ်ထားပါ

ထိုကဲ့သို့ ရေးမှတ်ထားခြင်းအားဖြင့် နောက်တစ်နေ့မှာ လုပ်ရမယ့်အရေးကြီးကိစ္စတွေကို မမေ့မလျော့ဘဲ ပြုလုပ်လာနိုင်ပါမယ်။ အချိန်အတိုင်းအတာ တစ်ခုအထိကြာတဲ့အခါ သင့် ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကို သိမြင်နိုင်ပါတယ်။

တရားထိုင်ပါ

တရားထိုင်ခြင်းက သင့်ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကို ငြိမ်းအေးစေပြီး စိတ်ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။ မိနစ် ၃၀ လုံးလုံး တရားထိုင်စရာမလိုပါဘူး။ ၅ မိနစ်ကနေ တဖြည်းဖြည်းချင်းစီ တိုးသွားပြီး ၁၀ မိနစ်အထိ ထိုင်ပေးလိုက်ရင်ပဲ အကျိုးအာနိသင် တော်တော်ရှိပါတယ်။

ရေနွေးဖြင့် ရေချိုးပါ

အိပ်ရာ မဝင်ခင် ရေချိုးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် ရေနွေးနွေးလေးနဲ့ ရေချိုးတဲ့အခါ မြန်နေတဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းက နှေးကွေးသွားပြီး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ပါပြီ။ ဒါ့အပြင် ရေနွေးဖြင့် ရေချိုးခြင်းက အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဒီအချက်လေးတွေထဲကမှ မိမိကြိုက်နှစ်သက်ရာ (၂) ချက်ခန့်ကို တစိုက်မတ်မတ် ပြုလုပ်လိုက်တယ်ဆိုရင်ပဲ ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

Photo Source: Freepik.com

Source: Listovative.com