လူတိုင်း လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရည်မှန်းချက် ပြည့်မြောက်ဖို့ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဖို့ လိုအပ်ပြီး ဇွဲ လုံ့လ ဝီရိယအပြည့် လိုအပ်ပါတယ်။
ယုန်နဲ့ လိပ် ပုံပြင်ထဲကလို ယုန်လေးလို မိမိပန်းတိုင်ကို မရောက်ခင်မှာ အနားယူလိုက်မယ်ဆိုရင်တော့ ကိုယ့်ပန်းတိုင်ကို သူတစ်ပါး ရယူသွားမှာပဲဖြစ်ပါတယ်။ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်ဝဖို့ရန်အတွက် ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။
ဗဟုသုတ ရှာမှီးပါ
သင့်ရဲ့စိတ်အာရုံက ရေကုန်ရေခမ်း ကြိုးစားရယ်ဆိုတဲ့စိတ်ကိုပဲ အာရုံရောက်နေမယ်ဆိုရင် များမကြာမီအချိန်မှာ သင့်ရဲ့စိတ်ဓာတ်တက်ကြွမှုလောင်စာတွေ ကုန်ခမ်းသွားပါလိမ့်မယ်။ တကယ်လို့ နောက်ဆုံးရလာဒ်အတွက်ပဲ အာရုံစိုက်နေမယ်ဆိုရင်လည်း သင့်အတွက် စိတ်ပင်ပန်းစေပါတယ်။
ဒါ့ကြောင့် ဗဟုသုတ ရှာဖွေဆည်းပူးရင်း မိမိရဲ့လျှောက်လှမ်းရမယ့်ခရီးကိုပဲ အာရုံစိုက်ပါ။ ဗဟုသုတများ အဆက်မပြတ်ရှာမှီးနေမယ်ဆိုရင် တိုးတက်မှုနှုန်းကလည်း တရိပ်ရိပ်မြင့်တက်လာပါလိမ့်မယ်။
သင် လျှောက်လှမ်းရမယ့်ခရီးကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးပါ
အရာရာတိုင်းကို လေးလေးနက်နက်တွေးခေါ်ပြီး မိမိရဲ့ပန်းတိုင်ကိုချည်းပဲ အာရုံစိုက်နေမယ်ဆိုရင် သင့်ရဲ့စိတ်လည်း လေးလံလာပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ရဲ့ခရီးလမ်းကို ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းပါ။ ဒါမှ အခန်းကျဉ်းတစ်ခုတည်းမှာ ပိတ်လှောင်ခံထားရသလို မွန်းကြပ်မနေမှာဖြစ်ပါတယ်။
ပျင်းရိစေတဲ့အတွေးအခေါ်များကို စွန့်လွှတ်လိုက်ပါ
သင့်ရဲ့အတွေးက သင့်ရဲ့စိတ်ခံစားချက်ကို လွှမ်းမိုးထားပြီး မိမိရဲ့ကြိုးစားမှုအပေါ် သက်ရောက်မှုရှိစေပါတယ်။ သင့်ရဲ့ကြောက်ရွံ့စိတ်၊ မိမိကိုယ်ကို သံသယဖြစ်စိတ်၊ ပျင်းရိလေးတွဲစိတ်တွေကို ဖယ်ရှားပြီး သက်သောင့်သက်သာနေချင်တဲ့စိတ်ကို ဖယ်ရှားလိုက်ပါ။ မိမိကိုယ်ကို အလိုလိုက်ချင်စိတ်ပေါ်လာတဲ့အခါ သင့်ရဲ့အောင်မြင်မှုကို ထိုစိတ်ကို ရိုက်ချိုးသွားပါလိမ့်မယ်။
အခြားသူများပေါ် မမှီခိုပါနဲ့
အခြားသူတွေက ကိုယ့်အတွက် လုပ်ပေးလိမ့်မှာပဲလို့ ဘယ်တော့မှ မမျှော်လင့်လိုက်ပါနဲ့။ သင့်ရဲ့ဘဝလက်တွဲဖော်၊ သင့်ရဲ့အရင်နှီးဆုံးမိတ်ဆွေ၊ သင့်ရဲ့အလုပ်ရှင် စသည်ဖြင့် ဘယ်သူ့အပေါ်မှာမှ မမှီခိုလိုက်ပါနဲ့။ သူတို့တွေကလည်း သူတို့လိုအပ်ချက်အတွက် အလုပ်ရှုပ်နေကြတာကြောင့် ဘယ်သူကမှ သင့်ရဲ့ပျော်ရွှင်ခြင်းအတွက် သင့်ရဲ့ရည်မှန်းချက်အတွက် ရယူပေးနိုင်မှာမဟုတ်ပါဘူး။ အရာအားလုံးက သင့်အပေါ်မှာပဲ မူတည်နေတာပါ။
အစီအစဉ်ချပါ
ကိုယ့်ရဲ့တစ်နေ့တာအတွက် လုပ်ရမယ့်လုပ်ငန်းတာဝန်တွေ ပြီးမြောက်ရမယ့်ကိစ္စမျာားကို အစီအစဉ်ချထားပါ။ ဒီတစ်ပတ်မှာ ဘယ်ရည်မှန်းချက် ပြည့်မြောက်ရမလဲဆိုတာကို အပတ်စဉ်တိုင်း အစီအစဉ်ချထားပါ။ တစ်ရက်တာကုန်ဆုံးသွားတဲ့အခါ ဘယ်အချက်တွေကိုတော့ လုပ်ဆောင်နိုင်တယ် ဘယ်အရာတွေကိုတော့ မလုပ်ဖြစ်ဘူးစသည်ဖြင့် မိမိရဲ့တိုးတက်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတင်ထားပါ။
စိတ်ဖိစီးမှုဒဏ်မှ ကာကွယ်ပါ
ရေကုန်ရေခမ်း ကြိုးစားရတဲ့အခါ စွမ်းအင်ကုန်ခမ်းသွားပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းသွားတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စိတ်ရော ခန္ဓာကိုပါ အနားပေးဖို့လိုအပ်ပါတယ်။ တစ်နေ့တာအတွက် Plan ဆွဲတဲ့အခါမှာလည်း အနားယူတဲ့အချိန်ကိုပါ ထည့်သွင်းထားသင့်ပါတယ်။ ဒါမှ ခြေကုန်လက်ပမ်း မကျဘဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။
Source: Success.com