ရုံးတက်ရတဲ့ဝန်ထမ်းအားလုံး Monday Blues ကိုခံစားဖူးကြမယ်ထင်ပါတယ်။ Monday Blues ဆိုတာ စနေ ၊ တနင်္ဂနွေ ပိတ်ရက်အပြီး တနင်္လာနေ့ ရုံးပြန်တက်ရမယ့်ရက်မှာ Stress တွေများနေခြင်း၊ စိတ်ကြည်လင် လန်းဆန်းမှုမရှိခြင်း၊ ပျင်းရိနေခြင်းစတဲ့အချက်တွေကြောင့် ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေတာမျိုးကို ရည်ညွှန်းတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။

တနင်္လာနေ့တိုင်း ဒီလိုမျိုး Monday Blues ဖြစ်ပြီး ရုံးသွားဖို့ စိတ်မပျော်ရွှင် လေးလံထှိုင်းမှိုင်းနေသူတွေအတွက် အကောင်းဆုံးဘယ်လိုဖြတ်ကျော်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ပိတ်ရက်ကတည်းက ကြိုတင်ပြင်ဆင်ပါ

Source : Quicken Loans

တနင်္လာနေ့မှာလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ပိတ်ရက်ကတည်းကကြိုတင်ပြင်ဆင်ပါ။ ဥပမာ ငယ်ငယ်ကကျောင်းတက်ခဲ့စဉ်အချိန်တွေကို သတိရကြည့်ပါ။ စနေ၊ တနင်္ဂနွေမှာ အိမ်စာတွေပြီးရင် တနင်္လာနေ့ကျောင်းတက်ဖို့ တက်ကြွနေသလိုပေါ့။ လုပ်ငန်းခွင်ရောက်တဲ့အချိန်မှာလည်း နောက်တစ်ပတ်မှာ လုပ်ဆောင်ရမယ့် တာဝန်တွေကို ပိတ်ရက်ကတည်းက ကြိုတင်ပြင်ခြင်းအားဖြင့် Monday Blues ကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

(၂) ပြည့်ပြည့်ဝဝ အနားယူပါ

Source : Soundstripe

စနေ၊ တနင်္ဂနွေပိတ်ရက်မှာ ပြည့်ပြည့်ဝဝအနားမယူလိုက်ရရင် တနင်္လာနေ့မှာ ဘယ်လိုနည်းနဲ့မှ လန်းဆန်းတက်ကြွနေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပိတ်ရက်ကိုပျော်ရွှင်စရာကောင်းတဲ့ ဖြတ်သန်းမှုမျိုးရရှိအောင်ဖန်တီးပါ။ ဥပမာ သူငယ်ချင်းတွေနဲ့ Hang Out လုပ်တာ ရုပ်ရှင်ကြည့်တာ စာအုပ်ဖတ်တာ မိသားစုကိုအချိန်ပေးတာ စသည့်ဖြင့် ကိုယ့်အတွက် စိတ်လက်ပေါ့ပါးစေမယ့်အရာတွေ ပြုလုပ်သင့်ပါတယ်။

(၃) အလုပ်ရဲ့ အဆက်အသွယ်တွေအာလုံး ဖြတ်တောက်ထားပါ

Source : Anaheim Lighthouse

စနေ၊ တနင်္ဂနွေပိတ်ရက်မှာ အလုပ်နဲ့သက်ဆိုင်တဲ့ Email အဝင်အထွက်တွေ စစ်ဆေးကြည့်တာမျိုး Email ပြန်တာမျိုးတွေ လုံးဝရှောင်ကျဉ်သင့်ပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက်ဆိုတာ ဝန်ထမ်းတွေအတွက် သတ်မှတ်ထားတဲ့ နားရက်ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီး ဆက်သွယ်လာတဲ့ အရာတွေအားလုံးကို ခဏလောက်အဆက်သွယ်ဖြတ်ထားသင့်တာဖြစ်ပါတယ်။ မဖြစ်မနေလုပ်ဆောင်ရမယ့် အရေကြီးတဲ့ကိစ္စတွေကလွဲရင်ပေါ့။

(၄) အလုပ်ကပြဿနာ အလုပ်မှာပဲထားခဲ့ပါ

Source : Hindustan Times

အိမ်မှာဖြစ်တဲ့ပြဿနာကို အလုပ်အထိသယ်မသွားသင့်သလို အလုပ်ရရှိခဲ့တဲ့ စိတ်ရှုပ်ထွေးစရာကိစ္စတွေကိုလည်း အိမ်အထိ သယ်မလာသင့်ပါဘူး။ဥပမာ သောကြာနေ့ရုံးမှာ စိတ်ရှုပ်ထွေးစရာပြဿနာတစ်ခုခုရှိခဲ့ရင်တောင် ရုံးမှာပဲထားခဲ့ပါ။ အိမ်အထိ စိတ်ပင်ပန်းခံပြီး သယ်မလာပါနဲ့။ အလုပ်ကပြဿနာကို အိမ်အထိသယ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေနဲ့ ပျော်စရာကောင်းတဲ့ ပိတ်ရက်တစ်ခုဖြစ်မှာမဟုတ်တော့ပါဘူး။

(၅) အဝတ်အစား ရွေးချယ်ပါ

Source : Daily Mail

တနင်္လာနေ့ ရုံးတက်ရမယ်ဆိုရင် တနင်္ဂနွေနေ့ကတည်းက အဝတ်အစား ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသင့်ပါတယ်။ သင်နဲ့လိုက်ဖက်ပြီး ယုံကြည်မှုအပြည့်ရှိစေတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ခြင်းအားဖြင့် စိတ်ဓာတ်တက်ကြွမှုဖြစ်စေသလို ယုံကြည်မှုအပြည့်နဲ့ သွားလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သပ်သပ်ရပ်ရပ်နဲ့ ယုံကြည်မှုတိုးစေမယ့် အဝတ်အစားမျိုးကို ရွေးချယ်ပြင်ဆင်ပါ။

(၆) အိပ်ရေးဝဝ အိပ်စက်ပါ

Source : independent.co.uk

တနင်္ဂနွေနေ့လိုညမှာ တစ်ညလုံး ရုပ်ရှင်ထိုင်ကြည့်တာမျိုး Club သွားတာမျိုးတွေ လုံးဝကိုရှောင်ကျဉ်ပေးရပါမယ်။ အိပ်ရေးမဝခြင်းဟာ နောက်နေ့အတွက် ဆိုးကျိုးတွေအများကြီး ဖြစ်ပေါ်စေနိုင်သလို စိတ်ကြည်လင်လန်းဆန်းမှုမရှိဘဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ဒါကြောင့် Sunday လိုနေ့မျိုးတွေမှာ ညဘက်စောစောအိပ်ပြီး မနက်ခင်းကို လန်းဆန်းတက်ကြွစွာ နိုးထလိုက်ပါ။