မိမိကိုယ်ကို အားပေးဖို့ စည်းကမ်းတင်းကြပ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မနက်စောစောထမယ်ဆိုပြီး နှိုးစက်အလန်း ပေးထားပေမယ့် အိပ်ရာထဲက မထနိုင်တဲ့အချိန်မျိုး၊ ဒီနေ့မှာ ဘာတွေကို ပြီးအောင်လုပ်ရမယ်ဆိုပြီး စာရင်းပြုစုထားပေမယ့် မိမိဖုန်းတစ်လုံးနဲ့သာ အချိန်ကုန်သွားတာမျိုး၊ ဒီလိုအခြေအနေမျိုးကို လူတိုင်း ကြုံဖူးကြပါလိမ့်မယ်။
ကြာလာတော့ မိမိကိုယ်ကိုမိမိ အားမလိုအားမရဖြစ်လာပြီး သံသယစိတ်နဲ့ စိတ်ဓာတ်တွေ အောက်ဆုံးအထိ ကျလာပါလိမ့်မယ်။ ဘာမှ လုပ်ချင်စိတ်မရှိတော့ဘဲ Motivation လည်းပျောက် လမ်းလည်း ပျောက်သလိုဖြစ်သွားပါလေရော။
ဒီလိုခံစားချက်များ ကြုံတွေ့နေရတဲ့ ယောကျာ်းများအတွက် မိမိရဲ့ Motivation ကို ဘယ်လိုနည်းလမ်းများနဲ့ ပြန်လည်ရှာဖွေနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
ယခုချက်ချင်း စတင်လိုက်ပါ
Photo Source: Timemanagementninja.com
သင့် စိတ်ထဲမှာ လုပ်ချင်စိတ် ပေါ်လာတဲ့အခါ ချက်ချင်းသာ ထလုပ်လိုက်ပါ။ နောက် ဘယ်နှနာရီလောက်နေမှ လုပ်မယ်ဆိုပြီး အချိန်ဆွဲတတ်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်ပစ်လိုက်ပါ။
တစ်ဆင့်ချင်းစီ ခွဲလိုက်ပါ
Photo Source: Aa4pd.com.au
လုပ်ဆောင်ရမယ့် ကိစ္စကြီးကို တစ်ဆင့်ချင်းစီ ခွဲလိုက်တဲ့အခါ ပိုမိုလွယ်ကူသလို လေးလံနေတဲ့စိတ်ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အမှန်တကယ် လုပ်ဆောင်တဲ့အခါ အခြားအရာများကို ဘေးဖယ်ထားပြီး ကိုယ်လုပ်ရမယ့် တစ်ဆင့်ချင်းစီကိုသာ အာရုံစိုက်ပေးလိုက်ပါ။
အကောင်းမြင်စိတ်ဖန်တီးပါ
Photo Source: Hrdailyadvisor.blr.com
Motivation တက်ချင်သူတွေဆီမှာ မကောင်းမြင်စိတ်ရှိနေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ မကောင်းမြင်စိတ်ကို ဖယ်ရှားပြီး အကောင်းမြင်စိတ်ကိုသာ ဖန်တီးကာ မိမိကိုယ်ကို အားအင်ဖြည့်တင်းပေးရပါမယ်။
အရာရာတိုင်းကို ကျေးဇူးတင်တတ်ရပါမယ်
Photo Source: Virtuesforlife.com
သင့်ရဲ့စိတ်က ချောင်တစ်ခုတည်းမှာ မွန်းကြပ်လာသလို ခံစားရတယ်ဆိုရင် ဘယ်လိုမှ စိတ်ဓာတ်မြင့်တင်ပေးဖို့မလွယ်ပါဘူး။ မိမိစိတ်ဓာတ်ကို မမြင့်တင်ခင်မှာ ခြေလှမ်း နောက်တစ်လှမ်းဆုတ်လိုက်ပါ။ မိမိရဲ့ခံစားချက်ကို လက်ခံပါ။ ထို့နောက် တစ်နေ့တာလုံးအတွက် ကျေးဇူးတင်စရာကောင်းတဲ့အချက် အနည်းဆုံး (၃) ချက်ခန့် ချရေးလိုက်ပါ။
မိုးရွာတဲ့အခါ ခိုလှုံစရာ အိမ်တစ်လုံးရှိခြင်းကိုလည်း ကျေးဇူးတင်လိုက်ပါ။ မနက် နိုးလာတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက် စိတ်အေးလက်အေးသောက်သုံးနိုင်ခြင်းကိုလည်း ကျေးဇူးတင်လိုက်ပါ။ မိမိအလုပ်စားပွဲမှာ သက်သောင့်သက်သာဖြင့် အလုပ်လုပ်နိုင်ခြင်းကိုလည်း ကျေးဇူးတင်လိုက်ပါ။
မိမိကိုယ်ကို ကြင်နာပါ
Photo Source: Nj1015.com
မိမိက အချိန်ဆွဲမိလိုက်လို့ (သို့) အမှားတစ်ခုခု ကျူးလွန်မိလိုက်တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းသည် မိမိကိုယ်ကို ညှာတာမှုကင်းမဲ့ခြင်းပဲဖြစ်ပါတယ်။ သူစိမ်းတစ်ယောက်ကိုတောင် သင် လေသံမာမာဖြင့် စကားမပြောပါဘဲနဲ့ ဘာ့ကြောင့် ကိုယ့်ကိုယ်ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေမှာလဲ။ သင်သည် သင့်ရဲ့ကိုယ်ပိုင်ကြင်နာမှုနဲ့ ထိုက်တန်ပါတယ်။
သင့်ကိုယ်သင် မပြောင်းလဲပါက ဘယ်လိုအနာဂတ်မျိုး ကြုံတွေ့ရမလဲဆိုတာ စိတ်ကူးယဉ်ကြည့်လိုက်ပါ
Photo Source: istockphoto.com
စိတ်ပြေလက်ပျောက် ဂိမ်းဆော့တာမျိုးမဟုတ်ဘဲ ကိုယ် လုပ်စရာရှိတဲ့ အလုပ်တွေကို ပစ်ထားပြီး ဂိမ်းပဲ ထိုင်ဆော့နေမယ်ဆိုရင် ဘယ်လိုမျိုး ကြုံတွေ့ရမလဲ။ နောက် တစ်နှစ်ကြာတဲ့အခါ၊ နောက်ငါးနှစ်ကြာတဲ့အခါ (သို့) နောက်ဆယ်နှစ်ကြာတဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာကို ကိုယ်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။ ငယ်ရွယ်စဉ်အချိန်ရှိတုန်း၊ လုပ်နိုင်ကိုင်နိုင်ချိန်မှာ ကြိုးစားမလား (သို့) အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်တော့မှ နောင်တတစ်ပွေ့တစ်ပိုင်နဲ့ ရှင်သန်မလားဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။
Source: Oberlo.com